ထိုသို့ ကျင်းပရာတွင် နံနက်ပိုင်းအစီအစဉ်နှင့် ညနေပိုင်း အစီအစဉ်ဆိုပြီး အစီအစဉ် နှစ်ခုဖြင့် နေရာနှစ်ခုခွဲ၍ ကျင်းပပြုလုပ်ရာ နံနက်ပိုင်းအစီအစဉ်ကို စစ်တွေမြို့ အတုလမာရ်ဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် နံနက် ၈ နာရီက စတင်ကျင်းပခဲ့သည်။
နံနက်ပိုင်းအစီအစဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ၀မ်းမြောက်စကားပြောကြားခြင်း၊ ရခိုင်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က အမှာစကားပြောကြားခြင်းနှင့် သံဃာတော်များထံ ငါးပါးသီလခံယူခြင်း၊ သံဃာတော်တစ်ပါးက သြဝါဒ စကားမိန့်ကြားခြင်း အစီအစဉ်များ ပါ၀င်သည်။

ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က “ အမျိုးသားနေ့ဆိုတာ လူမျိုးတစ်မျိုးရဲ့ ဥပတိရုပ်၊ (Identity) ဖြစ်ပါတယ်။ ကမ္ဘာ့အခင်းအကျင်းမှာ အမျိုးသားနေ့ရှိကြောင်း ဖေါ်ထုတ်ပြသနိုင်တဲ့ လူမျိုးအင်္ဂါနဲ့ ပြည့်စုံတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း အတိအလင်း ကြေငြာခြင်းပဲ ဖြစ်ပါတယ်”ဟု ဆိုသည်။
လူမျိုးတစ်မျိုး အင်္ဂါနှင့်ပြည့်စုံရန် (က) နေထိုင်သည့် ပထဝီဝင် သတ်သတ်မှတ်မှတ်ရှိခြင်း၊(ခ) ရှည်ကြာသည့် သမိုင်းနှင့် အုပ်ချုပ်ရေးစနစ်ရှိခြင်း၊ (ဂ) သင့်တင့်လျောက်ပတ်သည့် လူဦးရေရှိခြင်း၊ (ဃ) အမှီအခိုကင်းသည့် စီးပွားရေး၊ လူမှုရေးဘဝ (စား၊ ၀တ်၊ နေရေး) ရှိခြင်း၊ (င) တူညီသည့် ကိုးကွယ်ဘာသာရှိခြင်း၊ (စ) ကိုယ်ပိုင်ဘာသာစကားနှင့် စာပေရှိခြင်း နှင့် (ဆ) ဆင်ယင်ထုံးဖွဲ့မှုကအစ အရပ်ရပ် ယဉ်ကျေးမှုရှိခြင်း အစရှိသည့် အချက်များနှင့် ပြည့်စုံဖို့ လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရှည်လျားသည့်ရခိုင်သမိုင်းကို သတိရ အောက်မေ့ရန် အတွက် ရခိုင်အမျိုးသားနေ့ကို သတ်မှတ်နိုင်ခဲ့သည်ကို ဂုဏ်ယူစရာကောင်းသည်ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
သူကဆက်လက်၍ “ရှည်လျားတဲ့ သမိုင်းကို လူငယ်မျိုးဆက်တွေ အမြဲတမ်း သတိရနေဖို့၊ ကျွန်တော်တို့မှာ သမိုင်းအရ ဖြတ်သန်းလာရ တဲ့ နိုင်ငံရေး၊ လူမှုရေး လှိုင်းတွေ အများကြီးရှိပါတယ်။ အဲ့ဒါတွေကိုလည်း ဆင်ခြင်စေလိုပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့မှာ ခေတ်ကောင်းတွေကို ဖြတ်သန်းခဲ့ရသလို၊ ခေတ်ဆိုးတွေကိုလည်း ဖြတ်သန်းနေရပါတယ်။ ခေတ်ဆိုးမှာ ဖြတ်သန်းနေရတဲ့အခါမှာ ကျွန်တော်တို့ ဆင်ခြင်ဖို့၊ ကျွန်တော်တို့ရဲ့ အတိတ် လက်ရှိအခြေအနေထိ သုံးသပ်နိုင်တဲ့ ဆင်ခြင်နိုင်တဲ့၊ အမှားတွေကို ပြန်ပြီးတော့ သုံးသပ်ကြပါ။ လာမယ့်အနာဂတ်မှာ ကျွန်တော်တို့ အတိတ်ရဲ့သင်ခန်းစာကို ယူပြီးတော့ ဘယ်လို အကောင်အထည် ဖေါ်သွားကြမလဲ ဆိုတာတွေကို ရခိုင်အမျိုးသားနေ့ရောက်တိုင်း ပြန်သုံးသပ်ဖို့လိုပါတယ်”ဟု ဆိုသည်။
အမျိုးသားနေ့သည် တစ်မျိုးသားလုံးနှင့်ပတ်သက်သည့် သံဝေဂ ယူဖွယ်၊ သင်ခန်းစာ ယူဖွယ်၊ ဂုဏ်ယူဖွယ် အားလုံးကို ပြန်လှန်သုံး သပ်နိုင်ခဲ့ကြလျှင် အမျိုးသားနေ့ ကျင်းပရခြင်းသည် ကျင်းပရုံမဟုတ်ဘဲ၊ အမျိုးသားနေ့မှ ဖြစ်ပေါ်လာသည့် သန္နိဌာန်၊ ဦးတည်ချက်၊ ရှေ့ဆက်သွားရမည့် ရည်မှန်းချက်များ အားလုံးကို စုစုစည်းစည်းဖြင့် ကျွန်တော်တို့၏ အမျိုးသားလမ်းညွှန်အဖြစ် ဆောင်ယူသွားနိုင်သည်အထိ ကျွန်တော်တို့မှာ တာဝန်ကြီးမားသည်ဟု ရခိုင်အမျိုးသားနေ့ကျင်းပရခြင်းနှင့် ပတ်သက်၍ ဒေါက်တာအေးမောင်က သတင်းထောက်များကို ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံမှ မကြာသေးမီအချိန်က ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ရခိုင်အမျိုးသားနေ့ ကျင်းပရေးကော်မတီတွင် ဘဏ္ဍာရေးတာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သူ ကိုကျော်သန်းလှိုင်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“အလွန်တရာ ၀မ်းမြောက်ပီတိဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အမျိုးသားနေ့ဆိုတာ မရှိမဖြစ်လိုအပ်တယ်။ အဲ့ဒါကို ကျွန်တော်တို့ ကျောက်ဖြူညီလာခံက အတည်ပြုလိုက်တယ်။ ဒီနေ့ဆိုရင် ၃ ကြိမ်မြောက် ဖြစ်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီနေ့ခေတ်မှာ အမျိုးသားနေ့ဆိုတာဟာ လူမျိုးတစ်မျိုးရဲ့ ကြံအင်လက္ခဏာဖြစ်ပါတယ်။ ဒီနေ့မှာ ရခိုင်အမျိုးသားနေ့ကို ကိုယ်တိုင်ပါ၀င်ပြီး ကျင်းပခွင့်ရတဲ့အတွက် အလွန်တရာ ၀မ်းမြောက်ပီတိဖြစ်မိပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။
နံနက်ပိုင်းတွင်ပြုလုပ်သော အခမ်းအနားသို့ စစ်တွေမြို့ပေါ်မှ ဆရာတော်ကြီးများ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ၀န်ကြီးများ၊ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ချို့၊ ရခိုင်သမိုင်းသုတေသီ ဆရာကြီးဦးမောင်ဗသိန်း၊ ရခိုင်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် စိတ်ပါ၀င်စားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ညပိုင်းအစီအစဉ်ကို ညနေ ရ နာရီမှ စတင်၍ ဆရာတော်ဦးဥတ္တမခန်းမတွင် ကျင်းပမည်ဖြစ်ပြီး၊ ရခိုင်ရိုးရာ အကများဖြင့် တင်ဆက်ကပြမှုနှင့် ရခိုင်အဆိုတော်များက ရခိုင်သီချင်းများဖြင့် ဖျော်ဖြေကြမည်ဟု သိရသည်။
ဗုဒ္ဓရှင်တော်မြတ်ရခိုင်ပြည်သို့ ကြွရောက်တော်မူခဲ့ပြီး မဟာမုနိ ရုပ်ပွားတော်ကို သွန်းလုပ်ပြီးစီးသည့်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် ၂၀၁၄ ခုနှစ်က ကျောက်ဖြူတွင် ကျင်းပသော ရခိုင်အမျိုးသားညီလာခံ၌ သတ်မှတ်ခဲ့ကြပြီး ကျင်းပလာခဲ့ကြရာ ယခုနှစ်တွင် တတိယ အကြိမ်မြောက်ပြီဖြစ်သည်။







