“ရခိုင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ရပ်တန့်ရေးအတွက် အဓိကထားပြီး တောင်းဆိုဆန္ဒပြတာပါ။ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေမှုတွေကိုလည်း ချက်ချင်း ရပ်တန့်စေချင်ပါတယ်။ ဒီမိုကရေစီအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တန်းတူ အခွင့်အရေးပေးပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေး အဖြေရှာစေချင်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုသော်ဇင်ဖြိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားများတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား နက်လက်ကိုင် အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ပါရန် အကြံပြု အိတ်ဖွင့်ပေးစာတစ်စောင်ကို မြန်မာသံရုံးသို့ ပေးပို့ခဲ့သော်လည်း သံရုံးမှ အကြိမ်ကြိမ်ငြင်းပယ်လိုက်ကြောင်း သူကဆက်ဆိုသည်။
အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ လိပ်မူထားကြောင်း သိရသည်။
ရခိုင်စစ်ပွဲရပ်တန့်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲများ ရခိုင်ပြည်နယ် မြို့အများအပြားတွင် ပေါ်ပေါက်ခဲ့ပြီး အမ်းမြို့တွင် မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။







