အိမ်နှင့် ဆိုင်ခန်းပိုင်ဆိုင်မှုအတွက် ထိုက်သင့်သော လျော်ကြေးရလိုဟု အသက် (၇၃) နှစ်အရွယ် ရဟန်းတော်ကဆို

အိမ်နှင့် ဆိုင်ခန်းပိုင်ဆိုင်မှုအတွက် ထိုက်သင့်သော လျော်ကြေးရလိုဟု အသက် (၇၃) နှစ်အရွယ် ရဟန်းတော်ကဆို
by -
နိရဥ္စရာ
အသိမ်းခံထားရသော အိမ်နှင့်ဆိုင်ခန်းများ အတွက် ထိုက်သင့်သော လျော်ကြေးများ ရရှိလိုသည်ဟု ဘူးသီးတောင်မြို့မှ သက်တော် ရ၃ နှစ်ရှိပြီဖြစ်သော ဆရာတော် ဦးသုဇာတက မေလ ၁၁ ရက်နေ့က နိရဥ္စရာသို့ မိန့်ကြားသည်။

“ မတရားသဖြင့် အိမ်နဲ့ ဆိုင်းခန်းတွေ အသိမ်းခံရတဲ့ အတွက် ထိုက်သင့်တဲ့ လျော်ကြေးရလိုပါတယ်။ အကြိမ်ကြိမ် စာရေးတင်ပြ တောင်းဆိုပေမယ့် မဖြေရှင်းပေးတဲ့ အတွက် တကာကြီးတို့ သတင်းဌာနကို အကြောင်းကြားပြီး အထက်အစိုးရ လူကြီးတွေ သိအောင် တင်ပြရတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆိုသည်။

ဘူးသီးတောင်မြို့၊ အမှတ် ၆ ရပ်ကွက်တွင် တည်ရှိသော သက်တော် ရ၃ နှစ်၊ ၀ါတော် ၃ ၀ါရှိသည့် ဆရာတော် ဦးသုဇာတ  (လူနာမည် ဦးထွန်းစိန်) ပိုင်ဆိုင်သော အိမ်တစ်ဆောင်နှင့် ဆိုင်ခန်း ၁၁ ခန်းကို  ၁၉၈၉ ခုနှစ်က မြို့တော်စည်ပင်သာယာရေး အကြောင်းပြချက်ဖြင့် ဗျူဟာမှူး ဗိုလ်မှူးကြီး မောင်ထီနှင့် (မဝတ) ဥက္ကဋ္ဌ ဗိုလ်မှူး ဖေဆန်း တို့လက်ထက်က သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

၎င်းအိမ်နှင့် ဆိုင်ခန်းများမှာ တရားဝင် စာချုပ်စာတမ်းများဖြင့် ပိုင်ဆိုင်ထားခြင်းဖြစ်သဖြင့် လျော်ကြေး ကျပ်ငွေ သိန်း ၃၀၀ ရလိုကြောင်း၊  ဆုံးရှုံးခဲ့သော မြေကွက်အတွက် လျော်ကြေး တောင်းဆိုရခြင်းမှာ အသက် အရွယ်ကြီးပြီးခါမှ ရဟန်းဘောင်သို့ ၀င်ခဲ့ရ၍ တပည့်ဒကာ မရှိ၍ ဖြစ်ကြောင်း၊ ကိုယ့်ထက် အသက် ငယ်သော ရဟန်းတစ်ပါးကျောင်းတွင် မှီခိုနေထိုင်နေရခြင်းကြောင့် မသေခင်ဖြစ်ပေါ်လာမည့် အိုရခြင်း နာရခြင်းအတွက် သင့်တင့်လျောက်ပတ်စွာ ဆေးဝါးကုသနိုင်ရန်အတွက် ရည်ရွယ်၍ ဦးတည် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆရာတော်က ပြောဆိုသည်။

“ပါသွားတဲ့ မြေအကျယ်အဝန်းကတော့ ၀.၁၉၀ ဧကရှိပါတယ်။ အဲ့ဒီခြံထဲမှာ ဆိုင်ခန်း ၁၁ ခန်းနဲ့ တစ်ထပ်အိမ် တစ်လုံးပါသွားပါတယ်။ ယခု ကာလပေါက်စျေးဆိုရင် ကျပ်သိန်း ၁၀၀၀ လောက်လောက် တန်ဖိုးရှိပါတယ်။ အခုအဲ့ဒီနေရာမှာ ဆိုင်ခန်းလုပ်ပြီးတော့ ငှားစားထားတာကို တွေ့နေရပါတယ်။ အခု သိန်းသုံးရာ ရရင် ဆရာတော် ကျေနပ်ပါပြီ”ဟု ဦးသုဇာတက နိရဥ္စရာသို့ မိန့်ကြားသည်။

သိမ်းဆည်းစဉ်က ယင်းမြေနေရာအစား ကျပ် ၅၀၀၀ သာ တန်ဖိုးရှိသော မြို့အစွန်အဖျားတွင် (၄၀-၆၀) မြေတစ်ကွက်ကို အစားပေးခဲ့သည်။

၁၉၈၉ ခုနှစ်က ဆရာတော် ဦးသုဇာတ ပိုင်ဆိုင်ခဲ့သော မြေကွက်နှင့် အဆောက်အဦများ၏ စုစုပေါင်း ကျပ်သိန်း ၈၀ ၀န်းကျင် တန်ဖိုးသော်လည်း ကျပ် ၅၀၀၀ တန် မြေတစ်ကွက်ဖြင့် အစားထိုးကာ မယူမနေရ ယူခဲ့ရသည်ဟု ဆရာတော်က မိန့်ကြားသည်။

လက်ရှိ အချိန်တွင် ၎င်း မြေကွက်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ပထမတွင် ၃၅ သိန်းကျပ် လျော်ကြေး ပေးရန် ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်းတွင် ရ၅ သိန်းကျပ် လျော်ကြေးပေးမည်ဟု ကမ်းလှမ်းလာခဲ့သော်လည်း လက်ခံမှု မရှိဘဲ ကျပ်သိန်း ၃၀၀ ရမှသာ လက်ခံမည်ဖြစ်ကြောင်း မိန့်ကြားသည်။

အဆိုပါကိစ္စကို ပတ်သက်၍ အသေးစိတ်သိရှိရန် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ခေါ်ဆို၍ မရနိုင်ခဲ့ပါ။ အဆက်အသွယ် ရရှိသည့်အခါတွင်လည်း အစည်းအဝေးလုပ်နေ၍ဟုဆိုကာ ဖုန်းချသွားပါသည်။ မည်သည့်အချိန် ပြန်ဆက်သွယ်၍ ရမည်နည်းဟု မေးမြန်းသည်ကိုပင် မဖြေဆိုခဲ့ပါ။

ယင်း အသိမ်းခံခဲ့ရသော မြေကွက်ကို ရဟန်းဘောင်သို့ မဝင်ရောက်မှီ လူအဖြစ်နှင့် ရှိနေစဉ်အခါတုန်းက ဆရာတော် ဦသုဇာတက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...