ကျောက်ဖြူမြို့နယ်တွင် ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်၍ နွားများသေဆုံးမှုရှိနေ

ကျောက်ဖြူမြို့နယ်တွင် ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်၍ နွားများသေဆုံးမှုရှိနေ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်တွင် ပေါင်ပုပ်လက်ပုပ်ရောဂါကြောင့် နွားများ ဆက်လက် သေဆုံးမှု ရှိနေကြောင်း သတင်း ရရှိသည်။

ပေါင်ပုပ်လက်ပုပ်(Black Quarter) ရောဂါဖြစ်နေ၍ ကျောက်ဖြူမြို့နယ် သဲချောင်း ကျေးရွာတွင် ၅ ကောင်၊ ကာပီချောင်းရွာတွင် ၅ ကောင်နှင့် ဦးဂါဒိန်ကျေးရွာတွင် ၃ ကောင် စုစုပေါင်း ၁၃ ကောင် ထပ်မံ သေဆုံး သွားခဲ့သည်ဟု ဒေါက်တာ ကျော်နိုင်ဦးက အတည်ပြု ပြောကြားသည်။

ဧပြီလ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျောက်ဖြူမြို့နယ်တွင် ပေါင်ပုပ်လက်ပုပ်ရောဂါကြောင့် နွား ၃၃ ကောင်သေဆုံးခဲ့ပြီးနောက် ယခု အကြိမ်တွင် ထပ်မံပြီး ၁၃ ကောင်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဦးစီးမှူး ဒေါက်တာကျော်နိုင်ဦး ကပြောသည်။

  နွားများ သေဆုံးရမှုနှင့် ပတ်သက်ပြီးလည်း ဒေါက်တာ ကျော်နိုင်ဦးက “ ကာကွယ်ဆေး မထိုးခဲ့ရတဲ့နွားတွေကို လိုက်လံပြီး ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနေပါတယ်။ ဒီဒေသမှာက နွားလွှတ်ထားတဲ့ စနစ်နဲ့ မွေးတယ် ဆိုတော့ ကာကွယ်ဆေးထိုးဖို့ နွားတွေကို လိုက်ရှာရတာက တော်တော် အခက်အခဲဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး မထိုးခဲ့ရတဲ့ နွားတွေဘဲ သေဆုံးခဲ့ရတာဖြစ်တယ်” ဟု သူက ကပြောသည်။

  သေဆုံးခဲ့သည့် နွား ၁၃ ကောင်အနက် နွား(၃)ကောင်မှာ ကာကွယ်ဆေးထိုးထားပြီး  ကျန်နွားများမှာ  ကာကွယ်ဆေး မထိုးရသေးသော နွားများ ဖြစ်ကြောင်း၊ ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ် ဆေးထိုးပြီးသည့် (၇)ရက်လောက်ကြာမှ ကာကွယ်စိတ်ချရကြောင်း၊ ကာကွယ်ဆေး မထိုးထားသည့် နွားအချင်းချင်းလည်း ကူးစက်မှု ရှိနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 နွားများကို လွှတ်မွေးသည့် စနစ်ဖြစ်ပြီး မိုးရာသီ လယ်ထွန်ချိန်ရောက်မှ နွားများကို ရှာဖွေသည့် ဒေသ အလေ့အထကြောင့် နွားများ အားလုံးကို ကာကွယ်ဆေးထိုးရန် အခက်အခဲဖြစ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၀န်ထမ်း တစ်ဦးဖြစ်သူ ဦးညွန့်သိန်းကပြောသည်။

၎င်းပြင် ရောဂါဖြစ်ပြီး သေဆုံးသွားခဲ့သည့် နွားများကို အမြန်ဆုံး မြေမြုပ်ရန်လိုကြောင်း၊ သို့မဟုတ်ပါက  တစ်ခြားနွားများသို့ ရောဂါပိုးများ မြန်မြန်ဆန်ဆန် ကူးစက်ခံရတတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

သဲချောင်းကျေးရွာတွင် နွား (၃၅၄)ကောင်ရှိရာ  (၃၂၂)ကောင်ကို ပေါင်းပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ပေါင်းပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးကို နွားအသက်(၆)လသားမှ စတင်ထိုးပေးလေ့ရှိပြီး အသက်(၆) လအောက်နွားတွေကို ကာကွယ်ဆေးထိုးပေးလေ့မရှိကြောင်း၊ နွားမကြီးကို ကာကွယ် ဆေးထိုးလိုက်ရင် နွားကလေးကိုပါ ကာကွယ်နိုင်ကြောင်း ဒေါက်တာကျော်နိုင်ဦး ဆက်လက် ရှင်းပြပြောဆိုသည်။

ပေါင်ပုပ်လက်ပုပ်ရောဂါသည် ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေကျရောဂါတစ်ခုဖြစ်ပြီး အချိန်မီရင် ပျောက်ကင်းအောင်ကုသနိုင်သောရောဂါဖြစ်ကြောင်း၊ နွားအချင်းအချင်းကိုသာ ရောဂါကူးစက် တတ်လေ ့ရှိကြောင်း သိရသည်။

ဘက်တီးရီးယားကြောင့်ဖြစ်ပွားသောရောဂါဖြစ်ပြီး ကျွဲ၊ နွားများတွင် အဖြစ်များကာ တစ်ခါတစ်ရံ ၀က်များတွင်လည်း ဖြစ်ပွားတတ်သော ရောဂါဖြစ်ကြောင်း သိရသည်။

လက်၊ ပေါင်၊ ကြွက်သားများ ရောင်လာခြင်းနှင့် ရောင်နေသော နေရာများတွင် ရေ၊လေများခိုဝင်၍ ရောဂါ ဆိုးလာသောအခါ အသားများတဆတ်ဆတ်တုန်လာပြီး ကိုယ်အပူချိန် သာမာန်ထက်လျော့နည်းကာ နောက်ဆုံး သေဆုံးတတ်ကြောင်းသိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...