စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ရန် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ရန် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းထားသော စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို ယနေ့ (မေလ ၁၁) ရက်နေ့၌ ကျင်းပသည့် ရခိုင် ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးရာ စစ်ဘေးရှောင် အရေးကို ဆောင်ရွက်ရန် ကန့်ကွက်သူ မရှိ အတည်ပြုလိုက်သည်ဟု သတင်း ရရှိသည်။

ယင်းသို့အတည်ပြုလိုက်ပြီးနောက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် လက်ရှိ စစ်ဘေးရှောင်များ၏ အခြေအနေ များကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် စိစစ်ရေး အဖွဲ့တစ်ခုကို ဆောလျင်စွာဖွဲ့စည်းကာ စနစ်တကျ ကွင်းဆင်းစိစစ်ပေးရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။

“ဒီလို ကွင်းဆင်းစိစစ်ချက်၊ ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များအပေါ်မှာမူတည်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ အဆင့်ဆင့်၊ ပြည်ထောင်စုအစိုးရအထိ လိုအပ်ချက်များအပေါ်မှာ တင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ လေးစားစွာတင်ပြလို ပါတယ်”ဟု ဗိုလ်မှူးကြီးထိန်လင်းက ကတိပေးပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်လက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာနေကြသည့် စစ်ဘေးရှောင်များအတွက် မိုးမကျမီ နေထိုင်စားသောက်သောက်ရေးများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အမြန်ဆုံးကူညီပေးသင့်ကြောင်း အရေးကြီးအဆိုအား ကျောက်ဖြူမဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က မေလ ၁ဝ ရက်နေ့ကကျင်းပသည့် ပြည်နယ်လွှတ်တော်တွင်တင်သွင်းခဲ့သည်။

ယင်းအဆိုအား ယနေ့ကျင်းပသည့်ပြည်နယ်လွှတ်တော်တွင် စစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော်ဦး၊ အမ်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ပေါက်တော်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး၊ မြောက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်၊ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုစံတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ စစ်ဘေးရှောင်ပြည်သူဦးရေမှာ ၁၉၀၀ ကျော်အထိရှိနေပြီး ပြီးခဲ့သည့်နှစ်ကရှိနေသည့် စစ်ပြေးရှောင်များမှာလည်း ယခုချိန်ထိ အခက်အခဲရှိနေသေးသည့်အတွက် ပြည်နယ်တွင်း စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂၉ဝဝ ကျော်ကို စနစ်တကျ ကူညီထောက်ပံ့နိုင်ရန် ပြည်နယ်လွှတ်တော်အစည်းအဝေးက ယခုလို သဘောတူဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...