ALP ပြန်ကြားရေး ဒုတာဝန်ခံ နိုင်ငံတော် အသရေဖျက်မှုနှင့် တရားစွဲဆိုခံရ

ALP ပြန်ကြားရေး ဒုတာဝန်ခံ နိုင်ငံတော် အသရေဖျက်မှုနှင့် တရားစွဲဆိုခံရ
by -
နိရဥ္စရာ
အစိုးရနှင့် NCA အပစ်ရပ် စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ပြန်ကြားရေး ဒုတိယ တာဝန်ခံ ခိုင်မျိုးထွန်းအား မြန်မာ အစိုးရ တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက နိုင်ငံတော်ကို မဟုတ်မမှန် အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။
K Myo Tun
တိုက်ပုံ အဖြူနှင့် ပုဂ္ဂိုလ်မှာ ခိုင်မျိုးထွန်း ဖြစ်ပါသည်။

“ တရားစွဲဆိုတာ မှန်ပါတယ်။ မေလ ၅ ရက်နေ့က စွဲတာပါ။ စစ်တွေ အခြေစိုက် ဒကစ ဌာနချုပ်မှ စစ်ဦးစီး (ပထမတန်း) ဒုတ်ိယ ဗိုလ်မှူးကြီး တင်နိုင်ထွန်းက စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုတာပါ။  နိုင်ငံတော်ကို မဟုတ်မမှန် အသရေဖျက်မှု ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုတယ်လို့ ကြားသိရပါတယ်” ဟု တရားစွဲခံရသူ ALP ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ပြောသည်။

ယခုအမှုမှာ ရဲမပိုင်သော အမှုဖြစ်ကြောင်း၊ တရားစွဲဆိုမှုမှာ ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်သော ALP ကြေညာချက်နှင့် သက်ဆိုင်ကြောင်း၊ သူ့အား မေလ ၅ ရက်နေ့က တရားစွဲလိုက်ခြင်းကို စစ်တွေ ဒကစမှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက ဖုန်းထဲမှ အကြောင်းကြားလာကြောင်း၊ နောက်ပိုင်းတွင် ရဲသို့ အမှုကို လွဲပြောင်းလိုက်သည်ဟုလည်း ကြားသိရကြောင်း၊ သို့အတွက် သူ့အား စစ်ဆေးမှုများ စပြုလုပ်လာနိုင်ကြောင်း ခိုင်မျိုးထွန်းက ဆက်လက် ပြေကြားသည်။

ဧပြီလ ၂၄ ရက်နေ့က ရခိုင်ပြည် လွတမြောက်ရေး ပါတီမှ ထုတ်ပြန်သော ကြေညာချက်တွင် လတ်တလော ရခိုင်ပြည်နယ် အတွင်း AA နှင့် ဖြစ်ပွားနေသော စစ်ပွဲများတွင် မြန်မာ့အစိုးရ တပ်မတော်ဘက်မှ အရပ်သားများကို ပေါ်တာဆွဲခြင်း၊ စစ်မြေပြင်တွင် အရပ်သားများအား လူသား ဒိုင်းကာများ အဖြစ် အသုံးပြုခြင်းမှာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ကြောင်း ဖော်ပြထားသည်။

၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းမှ ခိုင်မျိုးထွန်းအပါအဝင် ALP တာဝန်ရှိသူများကို ဧပြီလ ၂၇ ရက်နေ့က စစ်တွေသို့ ခေါ်ယူတွေ့ဆုံပြီး ကြေညာချက်တွင် ပါသော အချက်အလက်များသည် အထောက်အထား ခိုင်လုံမှု မရှိပါက တရားစွဲဆိုမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။  

သို့အတွက် မေလ ၁ ရက်နေ့က ALP က စုဆောင်းရရှိထားသော လူအခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရသော အထောက်အထားများကို ဗိုလ်မှူးကြီး ထိန်လင်းထံသို့ ပို့ပေးခဲ့သည်ဟု ဆိုသည်။

ALP မှ ထုတ်ပြန်သော ကြေညာချက်နှင့် ပတ်သက်ပြီး နိုင်ငံတော်အား မဟုတ်မမှန် အသရေဖျက်မှုနှင့် မေလ ၅ ရက်နေ့တွင် စစ်တွေ အခြေစိုက် ဒကစ ဌာနချုပ်မှ စစ်ဦးစီး (ပထမတန်း) ဒုတ်ိယ ဗိုလ်မှူးကြီး တင်နိုင်ထွန်းက စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားစွဲခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ကိုယ်စားလှယ်များ မေလ ၉ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံ ခဲ့သော်လည်း တစ်စုံတစ်ရာ တိုးတက်မှု မရရှိခဲ့ဟု သိရသည်။

ALP ပါတီ မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းမှ “ တရားစွဲဆိုတာကို သတင်းစာ တွေမှာလည်း တွေ့နေရပါတယ်။ အစိုုးရပိုင်းကလည်း ပြောပါတယ်။ အရေးယူထားတဲ့ အပိုင်းတွေကိုလည်း ပြောပါတယ်။ ကျွန်မတို့ဟာ NCA ကို အပြန်အလှန် လက်မှတ်ရေးထိုးထားတဲ့ ကြတဲ့သူတွေ ဖြစ်ပါတယ်။ NCA မှာ  ပါတဲ့ အချက်ကတော့ ပြဿနာ တစ်ခုခု ဖြစ်လာလို့ရှိရင် အကျေအလည် ဆွေးနွေး ညှိနိုင်းမှုဖြင့်သာလျင် အဖြေရှာရမယ်ဆိုတဲ့ မူအပေါ်မှာ ရပ်တည်ပါတယ်။ အပြန်အလှန် ဆွေးနွေး ဖြေရှင်း ကြဖြင့်သာလျှင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖြစ်ကြောင်းနဲ့ မိတ်ဟန်မပျက် ဆက်လက်သွားနိုင်မှာဖြစ်ကြောင်း ယုံကြည်တယ် ပြောဖြစ်ပါတယ်” ဟု ဆိုသည်။

 ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ခိုင်မျိုးထွန်းအား တရားစွဲဆိုထားမှုကို ရပ်တန့်မလား၊ ဆက်လက်အရေးယူ ဆောင်ရွက်သွားမလား ဆိုသည်ကို မသိရှိရသေးကြောင်းနှင့် ညှိနှိုင်းနေတုန်း ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။ 

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...