“မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မေလ ၁ ရက်နေ့က ပို့ပေးလိုက်ပါပြီ။ သူတို့ဆီက လူလွှတ်ပြီးတော့ ကျွန်တော်တို့အိမ်က လာယူသွားတာပါ။ အဲ့ဒီအထောက်အထားအထဲမှာ ပေါ်တာဆွဲမှု ၂၀ ပါရှိပြီး တစ်ချို့က အိမ်ပြန်မရောက်သေးပါဘူး။ ၄ ယောက်ကို ရိုက်ပုတ်နှိပ်စက်တာပါရှိပါတယ်။ ဒီနေ့အထိတော့ သူတို့ဘက်က တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုမှု မရှိသေးဘူး”ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေး တာဝန်ခံ ခိုင်မျိုးထွန်းက နိရဥ္စရာသတင်းဌာနသို့ မေလ ၂ ရက်နေ့တွင် ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဧပြီလ ၂၄ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် စစ်တပ်အတွက် ပေါ်တာဆွဲခြင်း၊ ကျေးရွာများကို နှင်ထုတ်ခြင်း၊ ပြည်သူများကို စစ်မြေပြင်သို့ ခေါ်ယူသွားခြင်းနှင့် စစ်သုံ့ပန်းများကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်း အချက်များပါ၀င်သည်ဟု သူကပြောသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့တွင် ဗိုလ်မှူးင်္ကြီးထိန်လင်းက ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ခိုင်မျိုးထွန်းနှင့် ကျောက်တော်ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး ခိုင်ရဲလင်းတို့ကို အစိုးရရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
“သတင်းအထောက်အထားတွေကို ALP ပြန်ကြားရေးဌာနက အထောက်အထားမခိုင်လုံဘဲ ထုတ်ပြန်တဲ့ အတွက် ကိုခိုင်မျိုးထွန်းကို ဖမ်းဆီးလို့ရတယ်။ သတင်းအထောက်အထားကို ခိုင်လုံအောင်ပြနိုင်မှာလား၊ အထောက်အထားရှိရင်ပေးပါ။ မရှိရင်တော့ ဖမ်းလို့ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောဆိုခဲ့ပါတယ်”ဟု ခိုင်မျိုးထွန်းကပြောသည်။
အဆိုပါမေးခွန်းအပေါ် ခိုင်မျိုးထွန်းက အထောက်အထားပေးပါက ပြစ်မှုကျူးလွန်သော တပ်မတော်သားများကို အရေးယူပေးမှာလားဟု တုန့်ပြန်မေးမြန်းရာ ဗိုလ်မှူးကြီးထိန်လင်းက သက်သေ အထောက်အထား ခိုင်လုံပါက အရေးယူပေးမည်ဟု ပြောဆို၍ အထောက်အထားများကို ပေးခဲ့ခြင်းဖြစ်သည်ဟု ခိုင်မျိုးထွန်းက ဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ၂၀၁၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသည့်အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။







