ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်အရှေ့ဖက်မုခ်အနီ အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီက ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကော်မတီ(ရန်ကုန်)၏ ရခိုင်စစ်ပွဲနှင့် ပတ်သတ်၏ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ဖြစ်တဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွါထွက်ပြေးလာတဲ့ သူတွေ၊ ပေါ်တာဆွဲခံရသူတွေ ရှိလာပါတယ်။တိုက်ပွဲတွေ ဖြစ်လာတိုင်းမှာ နှစ်ဖက်တပ်တွေဟာ ဂျီနီဗာ သဘော တူညီချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်း၊ နိုင်ငံတကာ INGO NGO အဖွဲ့အစည်တွေက ထဲထဲဝင်ဝင်ပါဝင် ကူညီပေးဖို့လိုအပ်တယ်ဆိုတာကို ပြောချင်လို့ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က သဘောထား ကြေငြာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သတ်၍ နိရဥ္စရာ သတင်းဌာနသို့ ရှင်းလင်းပြောကြားသည်။
“ဒီကြေငြာချက်အပေါ်မှာ အကျိုးသက်ရောက်မှုကြီးကြီးမားမားဖြစ်ဖို့အတွက် ဒီလို သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အပြင် ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ပေးပို့သွားမှာပါ” ဟု သူက ဆက်ဆိုသည်။
ရခိုင်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကော်မတီ(ရန်ကုန်)၏ သဘောထားကြေငြာချက်
အပြည့်အစုံမှာ-
“၁။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့တွင်၊ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ယခုလတ်တလော ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သားများ၏ အသက်၊ အိုးအိမ်စည်းစိမ်နှင့် အခြားသောထိခိုက်မှုများစွာ ဖြစ်ပေါ်လျက်ရှိနေပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများအားလုံး ချက်ချင်းရပ်တန့်ကြရန် ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကော်မတီ(ရန်ကုန်) မှ အလေးအနက် တောင်းဆိုလိုက်ပါသည်။
၂။တိုက်ပွဲဖြစ်ပွားရာဒေသများမှ လူဦးရေ (၁၅၀၀) ခန့်ရှိသော မိသားစုများသည် နေအိမ်၊ ကျေးရွာများကို စွန့်ခွာ၍ စစ်ဘေးရှောင်ဒုက္ခသည်များ (IDP) အဖြစ် ရှောင်တိမ်းနေကြရကြောင်း ကြားသိနေရပါသည်။ အပြစ်မဲ့ဒေသခံပြည်သူများသည် မိမိတို့အခြေချနေထိုင်ရာ ကျေးရွာများမှ ပြောင်းရွှေ့ရခြင်း၊ ပေါ်တာ အဖြစ်ခေါ်ဆောင် ခိုင်းစေခြင်း တို့ကြောင့် အတိဒုက္ခရောက်နေကြရပါသည်။ သို့ဖြစ်ပါ၍ အပြစ်မဲ့ ကျေးရွာသားများအား အတိဒုက္ခ ရောက်စေသည့်လုပ်ရပ်များကို ထပ်မံမပြုလုပ်ကြရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်။
၃။ဤစစ်ဘေးရှောင် ဒုက္ခသည်မျာအား ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည် ထူထောင်ရေးများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါသည်။ ယခုကဲ့သို့သော အခြေအနေတွင် လူသားချင်း စာနာ ထောက်ထားသော အသိစိတ်ဓါတ်ဖြင့် ကူညီပံ့ပိုးပေးလျက်ရှိနေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
၄။ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက် လူမှုအဖွဲ့အစည်းများ အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားသော အဖွဲ့အစည်းများ ( UN / NGOs/INGOs )တို့ မှ စစ်ဘေးရှောင်ဒုက္ခသည်များအား လိုအပ်သောကူညီစောင့်ရှောက်မှုများကို ဝိုင်းဝန်းပံ့ပိုးပေးကြပါရန် မေတ္တာ ရပ်ခံတောင်းဆိုအပ်ပါသည်။
၅။ ယနေ့ မြန်မာနိုင်ငံတော်၏ အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်မှုကိုလည်း လက်ခံယုံကြည်ပါသည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေသော စစ်ပွဲများကို ချက်ချင်းရပ်တန့်ပြီး အပြုသဘော ဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အမြန်ဆုံးလုပ်ဆောင်ကြပါရန် အလေးအနက် တိုက်တွန်း အပ်ပါသည်။
ရန်ကုန်ရှိ ရခိုင်လူမှုရေးအသင်းအဖွဲ့များအားလုံးကိုယ်စား –
(၁) ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဒေါ်စောခင်တင့် (ဥက္ကဋ္ဌ)
(၂) ရခိုင်သဟာယအသင်း(ရန်ကုန်)၊ ဦးလှမောင်သိန်း(ဥက္ကဋ္ဌ)
(၃) ရခိုင်အမျိုးသားကွန်ရက်၊ ဦးတင်ထူးအောင် (ဥက္ကဋ္ဌ)
(၄) ရခိုင်အမျိုးသား အသင်းချုပ်၊ ဦးစိုးဝင်း(ဥက္ကဋ္ဌ) တို့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်ဖြစ်သည်။
ရခိုင်ပြည်နယ် အတွင်း ဧပြီလ ၁၆ ရက်နေ့က စတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ရခိုင်စစ်တပ်တို့ကြား တိုက်ပွဲကြောင့် ဒေသခံ ၁၁၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။







