ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ရခိုင်အစိုးရအဖွဲ့ ၀န်ကြီးနေရာ လက်ခံ

ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ရခိုင်အစိုးရအဖွဲ့ ၀န်ကြီးနေရာ လက်ခံ
by -
နိရဥ္စရာ
NLD မှ ကမ်းလှမ်းသော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးနေရာကို လက်ခံပါက ထိထိရောက်ရောက် အရေးယူမည်ဟု ရခိုင်အမျိုးသားပါတီ ( ANP) က သတိပေးထားသည့်ကြားမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးနေရာကိုလက်ခံလိုက်ပြီဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီ(ANP)က ဦးဆောင်ခွင့်မရလျှင် ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ဟု ၁/၂ဝ၁၆ ဖြင့် ANP က ထုတ်ပြန်ကြေညာထားသဖြင့် မည်သည့် အတွက် ပါတီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ၀န်ကြီးအဖြစ် လက်ခံရပါသလဲဟု ယနေ့ (ဧပြီလ ရ ရက်) လွှတ်တော် အပြီး မေးမြန်းရာ ယင်းကြေညာချက်မှာ ပါတီ၏ ကြေညာချက်သာဖြစ်ပြီး ပါတီ၏ မူဝါဒမဟုတ်သည့်အတွက် ယခုကဲ့သို့ ဝန်ကြီးနေရာ လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

၎င်းပြင် ၀န်ကြီး အဖြစ် လက်ခံလိုက်ခြင်းနှင့် ပတ်သက်ပြီးလည်း သတင်းထောက်များ၏ မေးမြန်းအပေါ် ဦးကျော်လွှင်က ယခုလို တုန့်ပြန် ပြောကြားသည်။

“NLD ပါတီနဲ့ လက်တွဲလို့ ဘာလို့ ကမ်းလှမ်းတာကိုလက်ခံလဲဆိုတော့ NLD ပါတီရဲ့ဦးတည်ချက်မှာလည်း ကျနော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်တယ်။ ကျနော်တို့ ရခိုင်ပါတီဦးတည်ချက်ကလည်း ရခိုင်လူမျိုးနဲ့ ရခိုင်လူမျိုးရဲ့ မျိုးနွယ်စုတွေအတွက် တိုးတက်ဖွံ့ဖြိုးရေးကို အဓိက လုပ်မယ်ဆိုတဲ့ ကျနော်တို့ ဦးတည်ချက်ချင်း တူတဲ့  အတွက် တူတဲ့ဦးတည်ချက်မှာ ကျနော်တို့ရဲ့ ဆင်းရဲတွင်းနက်နေတဲ့ ကျနော်တို့လူမျိုးတွေ အောက်ကျနောက်ကျဖြစ်နေတဲ့ဘဝက ကျနော်အခုတာဝန်ယူထားတဲ့ အခြေခံ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ဒီကဏ္ဍတွေက ကျနော့်လူမျိုးတွေကို ကျနော်မြှင့်ချင်လို့ ဦးတည်ချက်တူတာလေးတွေ ပူးပေါင်းလုပ်မယ်ဆိုပြီး ဒီတာဝန်ကို ကျနော်လက်ခံခြင်းဖြစ်ပါတယ်”ဟု ဦးကျော်လွင်က ဆိုသည်။

ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ၀န်ကြီး အဖြစ် လက်ခံခြင်း အပေါ် မည်သို့ သဘောထားပါသလဲဟု ရခိုင်အမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် အား မေးမြန်းရာ သူက “ ကျနော်တို့ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့တော့ အနီးစပ်ဆုံး ဗဟို အလုပ်အမှုဆောင် ကော်မတီမှာ တင်ပြ ပြီးတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ချမှတ်တဲ့ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ဖို့ အခြေအနေ ရှိပါတယ်။ ကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ အရေးယူဆောင်ရွက်သွားမယ်” ဟု ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကမ်းလှမ်းသော အစိုးရ အဖွဲ့ဝင် ၀န်ကြီးနေရာ တစ်ခုခုကို လက်ခံပါက ကျပ် သိန်း (၅၀၀) လျော်ရမည်ဟု ပါတီမှ တရားဝင်ထုတ်ပြန်ထားသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...