မြန်မာကျွန်းသစ်နှင့် သစ်မာများ ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင် တင်ပို့မှု စံချိန်တင်

မြန်မာကျွန်းသစ်နှင့် သစ်မာများ ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင် တင်ပို့မှု စံချိန်တင်
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ ဘောင်တော် ဆိပ်ကမ်းတွင်  မြန်မာနိုင်ငံမှ ၀င်ရောက်လာသည့် တရားမဝင် ကျွန်းသစ်များ အပါအဝင် သစ်မာ မျိုးစုံမှာ တောင်ပုံ ယာပုံ ဖြစ်နေပြီး တင်ပို့မှုများလွန်းခြင်းကြောင့် ဆိပ်ကမ်းမှာ ထားစရာ နေရာ မရှိဖြစ်နေရကြောင်း မျက်မြင်များက ပြောသည်။

၎င်းသစ်များမှာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဖြစ်ကြပြီး ကုန်တင် မော်တော်ဘုတ်ကြီးများဖြင့် ယခုလတ်တလော ၀င်ရောက်လာသော သစ်များ ဖြစ်ကြောင်း ဆိပ်ကမ်းတွင် ရှိနေသူ တစ်ဦးက မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

“ သစ်တွေတော့ ဆိပ်ကမ်းမှာ ပြည့်နေပါပြီ။ အခု မတင်ရဘဲ ဆိပ်ကပ်ထားတဲ့ ကပ်ထားရတဲ့ မော်တော်ဘုတ်က ၁၂ စီးလောက်ရှိပါတယ်။ ဒီသစ်တွေက မြန်မာနိုင်ငံ ရွေးကောက်ပွဲ အပြီး အစိုးရသစ် မပေါ်ခင်မှာ တန်ချိန် ထောင်နဲ့ ချီပြီး ၀င်ရောက်လာတာပါ။ အစိုးရ အပြောင်းအလဲဆိုတော့ သွားရ လာရတာ လွယ်ကူတဲ့ အတွက် အခုလို ၀င်ရောက်လာတာ ဖြစ်ပါတယ်” ဟု ဆိပ်ကမ်းတွင် ဘင်္ဂလီ ဘာသာပြန် လုပ်နေသူ မြန်မာ တစ်ဦးက ပြောသည်။

ယခုဝင်လာသော ကျွန်းသစ်များမှာ ပဲခူးရိုးမ၊ ဧရာဝတီ အပါအဝင် ဗမာပြည်မဘက်ကများပြီး ရခိုင်ရိုးမကို ကားကြီးများ ကျော်ဖြတ်လာပြီး ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းမြို့များမှ တဆင့် မော်တော်ဘုတ်ကြီးများဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေကြခြင်း ဖြစ်သည်။

“ ကျွန်းသစ်တွေကတော့ အကုန်လုံးနီးပါး ဗမာပြည်ဘက်က လာတာ ဖြစ်ပါတယ်။ ရခိုင်မှာ ကျွန်းသစ်တွေ က အရင်ကတည်းကုန်သွားပြီ၊ မရှိတော့ဘူး။ ရခိုင်ဘက်က တင်ပို့တာ ကုန်သွားတဲ့ အတွက် အခု ဗမာပြည်ဘက်က ကျွန်းသစ်တွေ ဘင်္ဂလာဒေ့ရှ်ကို ၀င်လာတာ ဖြစ်ပါတယ်။ ရေလမ်းတစ်လျှောက်တော့ အကုန် ပေးကမ်းပြီး လာကြတာပါဘဲ” ဟု ဒေသအတွင်း သစ်လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

ဗမာပြည်ဘက်က အဖိုးတန်ကျွန်းသစ်များ ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင်  ၀င်ရောက်နေသလို ရခိုင်ပြည်နယ်ဘက် ကလည်း သစ်မာများမှာ ဆက်လက် တရားမဝင် ၀င်ရောက်နေဆဲ ဖြစ်ကြောင်း ဆိုသည်။

“ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်းက ထုတ်တဲ့ သစ်မာတွေ များပါတယ်။ အဲဒီသစ်တွေကို နီးစပ်ရာ အာဏာပိုင်တွေကို ပိုက်ဆံပေးပြီး မောင်တောမြို့နယ် ကတဆင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး ပို့တာတွေ ရှိသလို စိုင်းတင်ချောင်းက မော်တော်ဘုတ်တွေနဲ့ တင်ပြီး မေယု မြစ်အတိုင်း သယ်လာပြီး အဲဒီနောက် နတ်မြစ်ဝအတိုင်း ၀င်လာပြီး တင်ပို့တာက ပိုများပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ မြန်မာမှ သစ်များ ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင် အကြီးအကျယ် ၀င်ရောက်နေသဖြင့် စျေးနှိမ် ၀ယ်ယူမှုများလည်း ရှိနေကြောင်း သိရသည်။

ကျွန်းသစ်ရောင်းစျေးမှာ တစ်ကုဗပေကို ဘင်္ဂလာ တာကာငွေ ၅၀၀၀ ရပြီး တစ်တန်ကို တာကာ နှစ်သိန်း ငါးသောင်းရကြောင်း၊ မြန်မာကျပ်ငွေနှင့်ဆိုလျင် ကျွန်းသစ် တစ်တန်ကို သိန်း သုံးဆယ်ကျော်ရကြောင်း၊ သို့သော်လည်း ပြဿနာမှာ မြန်မာနိုင်ငံယူလာသော ကျွန်းသစ် (၁၀) တန်လျှင် ဘင်္ဂလာဒေ့ရှ်တွင် (၆) တန်ခန့်သာရကြောင်း၊ ဘင်္ဂလာဒေ့ရှ်တွင် သစ်များကို ချိန်တွယ်ရာတွင် သူတို့ နိုင်ငံ၏ အတိုင်းအတာဖြင့် တိုင်းတာ ချိန်တွယ်ပြီး မတော်တရား လုပ်သဖြင့် အမြဲတမ်း မြန်မာက ယူလာသော ကျွန်း ၁၀ တန်မှာ  ၆ တန်ခန့်သာ ရကြောင်း၊ ထိုသို့ စျေးနှိမ် ၀ယ်ယူသော်လည်း တခြား စီးပွားရေး လုပ်ငန်းများ မရှိသဖြင့် ၀င်ရောက် လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ မြန်မာကုန်သည် တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေ့ရှ်တွင် စီးပွားရေး လုပ်ကိုင်နေသူ ရခိိုင်ဒေသခံ တစ်ဦးက ယခု မြန်မာက ၀င်လာသော သစ်များအထဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ကညင်နှင့် စကားဝါ သစ်များ ပါ၀င်ပြီး ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင်  တင်ပို့သော သစ်မှာ ဗမာပြည်မဘက်က ရ၅ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်ဘက်မှ ၂၅ ရာခိုင်နှုန်း ပါ၀င်ကြောင်း ပြောကြားသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...