၎င်းဖြစ်ရပ်မှာ မတ်လ(၁၆)ရက်နေ့က ဇီဝဗေဒဘာသာရပ်ဖြေဆို အပြီးတွင် ကွမ်းချောင်းစာစစ်ဌာန၊ အမှတ်(၂) အခန်းတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ အဖြေလွှာအပ်ပြီးချိန် လက်မှတ်ရေးထိုးပြီးနောက် အခန်းစောင့်ဆရာမကို ကျောင်းသူတစ်ဦးက ကွန်ပါစူးနဲ့ ထိုးတယ်။ ထိုးပြီးတာနဲ့ ချက်ချင်း ထွက်ပြေးသွားပါတယ်” ဟု တာဝန်ကျကျောင်းဆရာတစ်ဦးက နိရဥ္စရာသို့ပြောသည်။
ကွန်ပါစူးဖြင့်အထိုးခံရသူ ဆရာမမှာ ကျောက်ဖြူမြို့နယ် အောင်သာယာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော အလယ်တန်းပြ ဆရာမ ဒေါ်လှိုင်းလဲ့လဲ့လှိုင် ဖြစ်ပြီး ကွန်ပါစူးဖြင့် ထိုး၍ထွက်ပြေးသွားသူ ကျောင်းသူမှာ ကျောက်ဖြူမြို့မှ ကွမ်းချောင်းစာစစ်ဌာနသို့ ပြင်ပ လာရောက် ဖြေဆိုသူ ကျောင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။
”ဆရာမရဲ့ လက်မောင်းမှာ ဒဏ်ရာ တစ်ချက်ရသွားပါတယ်။ ဆရာဆရာမတွေရဲ့ဘဝလုံခြံုမှု မရှိဘူးလို့ ခံစားရပါတယ်။ ဒီလို အဖြစ်မျိုးကတော့ တစ်ခါမှ ဖြစ်ပွားတာ မရှိဘူး။ ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆိုတာ အထက်လူကြီးတွေ စီစဉ်ပါလိမ့်မယ်” ဟု တာဝန်ကျကျောင်းဆရာတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ကွမ်းချောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၃၅၉)ဦးရှိပြီး ဆရာဆရာမ (၄၀)ခန့် အခန်းစောင့် တာဝန်ကျလျက်ရှိကြောင်း သိရသည်။







