ပြည်ထောင်စု စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်ဟု အကြောင်းပြ၍ ရခိုင်ယဉ်ကျေးမှု သမိုင်းဆိုင် အမွေအနှစ်များ ဖော်ထုတ်ခွင့်ကို ခေတ်အဆက်ဆက် တားဆီးပိတ်ပင်လာခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ရခိုင်ဘုရင် မင်းဗာကြီး ရုပ်တုအား အထင်ကရ အစိုးရ ရုံးရှေ့တွင် စိုက်ထူလိုက်ခြင်း အပေါ် အများ ပြည်သူများက အံ့အားသင့်ခဲ့ကြရပြီး သုံးသပ်ဝေဖန်မှုများလဲ အမျိုးမျိုး ထွက်ပေါ်နေသည်။
မည်သည့် ရည်ရွယ်ချက်ဖြင့် ရခိုင်ဘုရင် မင်းဗာကြီးရုပ်တုအား ရခိုင်ပြည်နယ် အစိုးရ ရုံးရှေ့တွင် စိုက်ထူရပါသလဲဟု နိရဥ္စရာက မေးမြန်းရာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ယခုလို ဖြေဆိုသည်။
“မင်းဗာဘုရင်ဟာ မိမိရဲ့ရခိုင်ပြည်နယ်အပြင် ရခိုင်ပြည်နယ်ရဲ့ပြင်ပ ဘင်္ဂါ ၁၂ မြို့ကိုလည်း ကြီးစိုးနိုင်ခဲ့ တယ်။ ဘာသာ သာသနာထွန်းတောက်အောင်လည်း လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီခေတ်တုန်းက သူများ က လာရန်ပြုတာကိုလည်း ကျွန်တော်တို့ မင်းဗာဘုရင်က ကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့တယ်။ နောက်တခါ သူ့ဘေးမှာ ဘယ်သူတွေ ရှိသလဲဆိုတော့ အမတ်ကြီး ဦးမြဝါရှိတယ်။ မဟာပညာကျော် ရှိတယ်။ ပညာ ရှိတွေနဲ့လည်း ပြည့်စုံတယ်။ ဒီလို ထူးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါးကို ရခိုင်လူငယ်တွေ သိနိုင်အောင် စံပြုတဲ့ အနေနဲ့ ကျွန်တော်တို့ စိုက်ထူရတာ ဖြစ်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။
ရခိုင်ဘုရင်မင်းဗာကြီးသည် သက္ကရာဇ် ၁၅၃၁ ခုနှစ်ကနေ ၁၅၅၃ ခုနှစ်အထိ ရခိုင်ထီးနန်းကို စိုးစံခဲ့ သည့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသော သာသနာ့ဒါယကာ ဘုရင်တစ်ပါးဖြစ်သည့်အပြင် သူ့လက်ထက်တွင် ဘင်္ဂါ (၁၂)မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းအပြင် ရခိုင်နိုင်ငံကို ကျူးကျော် လာသည့် ရန်စွယ်များ ကိုလည်း ချေမှုန်းနိုင်ခဲ့သည့် အတွက် ယခုခေတ် ရခိုင်လူငယ်များ အတုယူ အားကျစေလိုသည်ဟု သူက ပြောသည်။
ရခိုင်ဘုရင်တစ်ပါး၏ ရုပ်တုကို အစိုးရအဖွဲ့ရုံးတွင်စိုက်ထူလိုက်ခြင်းသည် ရခိုင်ပြည်နှင့် ရခိုင်သူ၊ ရခိုင်သားများအတွက် ဂုဏ်ယူ ဝမ်းသာစရာကောင်းသည်ဟု စစ်တွေ ဒေသခံ ကာတွန်းဆရာ တက်သစ်အောင်(စစ်တွေ)က နိရဥ္စရာသို့ ပြောသည်။
“ကျွန်တော် အနေနဲ့ကတော့ ဒီရခိုင်ရှင်ဘုရင်တစ်ပါးကို ကျွန်တော်တို့ ပြည်သူတွေကို ပြထားတယ်။ ခုလို မြင်ရတဲ့အတွက် ကျွန်တော်တို့ သိပ် ဝမ်းသာပါတယ်။ ဘယ်လိုပင် ထုလုပ်ပါစေ။ ကျနော်တို့ ရခိုင်သားတွေ အတွက်တော့ တော်တော်လေး အကျိုးရှိပါတယ်။ အရင်ဆိုရင် ရခိုင်သမိုင်းကို ပြောခွင့်လည်း မရှိခဲ့ဘူး။ အခုတော့ ရခိုင်ရှင်ဘုရင် တစ်ပါးကို ခုလို ဂုဏ်ပြုထားတာကို မြင်ရတဲ့ အတွက် သိပ်ဝမ်းသာပါတယ်”ဟု ဆိုသည်။
ယခုစိုက်ထူလိုက်သည့် မင်းဗာဘုရင်ကြေးသွန်းရုပ်တုကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကျပ်သိန်း ၅ဝ ခန့် အကုန်အကျ ခံ၍ မန္တလေးမြို့ရှိ ရခိုင်ကြေးသွန်း ပညာရှင်တစ်ဦးက သွန်းလုပ်ထားခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ တစ်ဆင့် သိရသည်။
အစိုးရသစ်အပြောင်းအလဲစပ်ကြားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ ကြေးသွန်း ရုပ်တုကို ယခုကဲ့သို့ စိုက်ထူလိုက်သည့်အတွက် အမြင်အမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေ သည်ဟုလည်း သိရသည်။







