၎င်းဆန်အိတ်များကို စက်တင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့တွင် ရောက်ရှိနေသော နံ့သာတောင် ပရဟိတ ကျောင်းဆရာတော် ဦးစာရဏမှတဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု နံသာတောင်ဆရာတော် ဦးစာရဏက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။
သာယာကုန်း၊ သင်္ဘောလှ၊ မီးတိုက်၊ တောင်ပြို၊ နံသာတောင်ကျေးရွာများ အတွက် ဆန်အိတ် ၂၄၀ ဖိုး ကျပ်ငွေ ၅၃ သိန်း၊ ဘင်္ဂလားဒေ့ချ် စစ်တကောင်း တောင်တန်းဒေသမှ ရခိုင်ပြည်နယ်တွင် လာရောက် အခြေချနေထိုင်သော တိုင်းရင်းသား မျိုးနွယ်စု အိမ်ထောင်စု ရ၁၅ စုအတွက် တစ်အိမ်ထောင်ကို ဆန်တစ်အိတ်ကျစီဖြင့် ဆန်အိတ် ရ၁၅ အိတ်ဖိုးအတွက် သိန်း ၁၀၀ ကျော်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ သည်ဟု နံသာတောင်ဆရာတော် ဦးစာရဏက မိန့်ကြားသည်။
နံသာတောင် ပရဟိတကျောင်းပတ်သက်ပြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်ထံမှ ဆရာတော်ထံသို့ လည်း အမျိုးဘာသာ သာသနာအတွက် နယ်စပ်ဒေသတိုင်းရင်းလူမျိုးများ စာတတ်မြောက်ရေးကို ရည်မျှော်ပြီး အမြဲတမ်း ဂရုတစိုက် ကူညီလျှက်ရှိသည်ဟု ဆရာတော်က မိန့်ကြားသည်။
“ဒေါက်တာစံရွှေအောင်ဆိုရင် အမျိုးဘာသာ သာသနာအတွက် အားကိုးအားထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ရခိုင်သူ ရခိုင်သားတို့ရဲ့ အမှန်တကယ် အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တယ်လို့ မြင်မိပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။
လူပုဂ္ဂိုလ် တစ်ဦးအနေဖြင့် မည်သည့်နေရာ၊ မည်သည့် ဌာနသို့ ရောက်နေစာကာမူ မိမိလူမျိုး၊ မိမိ ဘာသာအတွက် ကြည့်ရှုစောင့်ရှောက်မည်ဆိုပါက မည်သည့်နေရာ၊ မည်သည့်ဌာနတွင် တာဝန်ကျ ပါစေ အဆိုပါ ပုဂ္ဂိုလ်သည် မည်သည့်အခါမှ သူများထက် နိမ့်ကျလိမ်မည်မဟုတ်ပဲ ထက်မြတ်သော နှလုံးသား၊ ထက်မြက်သော ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်နေမည်ဟုလည်း ဆရာတော်က သူ့၏အမြင်ကို ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရေဘေးသင့်ပြီး မြို့နယ်အများအပြားရှိ ကျေးရွာများသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် အခက်အခဲရှိနေစဉ်ကာလတွင်း၌လည်း ဦးစံရွှေအောင်သည် ရဟတ်ယာဉ်ဖြင့် ကိုယ်တိုင် သွားရောက်ပြီး ဆန်နှင့်လိုအပ်သော အခြားထောက်ပံ့ရေး ပစ္စည်းများကို ကူညီထောက်ပံ့ ချပေးခဲ့သည်ဟု ဦးဇင်းက မိန့်ကြားခဲ့သည်။







