ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရန် ရွေးကောက်ပွဲကော်မရှင်မှ အဆင်သင့်မဖြစ်သေး၍ ကြန့်ကြာမှုများရှိနေဟုဆို

ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရန် ရွေးကောက်ပွဲကော်မရှင်မှ အဆင်သင့်မဖြစ်သေး၍ ကြန့်ကြာမှုများရှိနေဟုဆို
by -
နိရဥ္စရာ
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ နေ့မှ စတင်ပြီး ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာထားသော်လည်း ရခိုင်ပြည်နယ် စစ်တွေတွင် ရွေးကောက်ပွဲကော်မရှင်မှ အဆင်သင့် မဖြစ်သေးသဖြင့် အမည်စာရင်း တင်သွင်းရာတွင် ကြန့်ကြာမှု များ ရှိနေသည်ဟု စစ်တွေမြို့နယ်တွင် အမျိုးသားလွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂကလ ကိုယ်စားလှယ်လောင်း ဦးဝင်းမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ကိုယ်စားလှယ်တစ်ဦးအတွက် ဘဏ်မှာငွေသုံးသိန်း သွင်းရပါမယ်။ မြို့နယ် တရားသူကြီးထံ ကတိ၀န်ခံချက် တစ်ခုလုပ်ရမယ်။ တရားသူကြိမ်ထံ ကျမ်းကျိန်ရပါမယ်။ ဇူလိုင်လ ၂၁ ရက်နေ့က ဘဏ်ကိုသွားတော့ ကော်မရှင်က အခုထက်ထိ ညွှန်ကြားချက် မရောက်သေးဘူးဆိုပြီး ငွေကို လက်မခံပါဘူး။ ဘယ်ဘဏ်နံပါတ်နဲ့ လက်ခံရမယ်ဆိုတာကို ညွှန်ကြားချက်မပေးသေးပါဘူးလို့ သိရပါတယ်”ဟု ဘဏ်က ပြန်လည်ဖြေကြားခဲ့မှုနှင့် ပတ်သက်ပြီး ဦးဝင်းမောင်က ပြောသည်။

ကျမ်းကျိန်လွှာလုပ်ရန် မြို့နယ်တရားသူကြီးထံ သွားရောက်ခဲ့ရာတွင်လည်း ကော်မရှင်မှ တစုံတရာ ညွှန်ကြားချက် မပေးသေးကြောင်း၊ ယခင်က ညွှန်ကြားချက်များပေးဖူးကြောင်း၊ ညွှန်ကြားချက် မပေးသေးသဖြင့် ကျမ်းကျိန်၍ မရသေးကြောင်း မြို့နယ်တရားသူကြီးက ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“ကော်မရှင်က အဆင်မပြေသေးတာ မသိဘဲ သွားလုပ်ကြရင် တခြားသူတွေလည်း ဦးလေးလိုပဲ အခက်အခဲတွေ့ ကြံုတွေ့နိုင်တယ်။ ဒီလောက်အရေးကြီးတာတွေကို အခုထက်ထိ ညွှန်ကြားချက် မပေးသေးဘူးဆိုတော့ ကော်မရှင်က အလုပ်မလုပ်ဘူးဆိုတာ ထင်ရှားနေပါတယ်”ဟု ဦးဝင်းမောင်က ပြောသည်။

စစ်တွေမြို့နယ်၌ လျှောက်လွှာတင်သွင်းသူများထဲတွင် ဦးဝင်းမောင်မှာ ပထမဦးဆုံးဖြစ်ကြောင်း၊ ကျန်ကိုယ်စားလှယ်လောင်းများ သွားရောက်လျှောက်လွှာတင်သွင်း မရှိသေးဟု သိရသည်။

ဦးဝင်းမောင်သည် ကော်မရှင်ထံသို့ တိုက်ရိုက်သွားတွေ့ပြီး ဘဏ်နှင့် မြို့နယ်တရားသူကြီးထံ လုပ်စရာများကို သွားရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ မည်သည့်နေ့တွင် တင်သွင်းနိုင်မည်ကိုလည်း တိအကျမသိရသေးဟု သူက ပြောသည်။

ယင်းသို့ ဘဏ်၌ ငွေကြေးသွင်း၍ မရသည်များနှင့် မြို့နယ်တရားသူကြီးထံ ကျမ်းကျိန်၍ မရသေးဖြစ် နေမှုများကို ကော်မရှင်ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အကြောင်းကြားခဲ့ရာ တစုံတရာရှင်းလင်းခြင်းမရှိဘဲ လူကြီးများနှင့် အစည်းဝေးလုပ်နေသည်ဟုသာ ဖြေကြားခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စကို သိရှိရန် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ခံ ဦးသူရိန်ထွဋ်ကို နိရဥ္စရာသတင်းမှ ဆက်သွယ်မေးမြန်းရာ  “ဦးဝင်းမောင် ဒီနေ့မနက်က ကော်မရှင်ရုံးကို လာသွားပါ တယ်။ ငွေသွင်းဖို့ အကောင့်နံပါတ်ကို ပေးလိုက်တော့ အဆင်ပြေသွားပါပြီ။ ဒီနေ့ နေ့လည် ၁၂ နာရီခွဲ မှာ ထပ်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ ကော်မရှင်အနေနဲ့ အလုပ်လုပ်ရာမှာ နည်းနည်းနောက်ကျမှုတွေ တော့ ရှိနေပါတယ်”ဟု ဦးသူရိန်ထွဋ်က ပြောသည်။

ကျမ်းကျိန်ရန်ကိစ္စကိုလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် မြို့နယ်တရားသူကြီးထံ အကြောင်းကြားပေးမည်ဟု သူက ပြောဆိုသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...