“ကိုယ်စားလှယ်တစ်ဦးအတွက် ဘဏ်မှာငွေသုံးသိန်း သွင်းရပါမယ်။ မြို့နယ် တရားသူကြီးထံ ကတိ၀န်ခံချက် တစ်ခုလုပ်ရမယ်။ တရားသူကြိမ်ထံ ကျမ်းကျိန်ရပါမယ်။ ဇူလိုင်လ ၂၁ ရက်နေ့က ဘဏ်ကိုသွားတော့ ကော်မရှင်က အခုထက်ထိ ညွှန်ကြားချက် မရောက်သေးဘူးဆိုပြီး ငွေကို လက်မခံပါဘူး။ ဘယ်ဘဏ်နံပါတ်နဲ့ လက်ခံရမယ်ဆိုတာကို ညွှန်ကြားချက်မပေးသေးပါဘူးလို့ သိရပါတယ်”ဟု ဘဏ်က ပြန်လည်ဖြေကြားခဲ့မှုနှင့် ပတ်သက်ပြီး ဦးဝင်းမောင်က ပြောသည်။
ကျမ်းကျိန်လွှာလုပ်ရန် မြို့နယ်တရားသူကြီးထံ သွားရောက်ခဲ့ရာတွင်လည်း ကော်မရှင်မှ တစုံတရာ ညွှန်ကြားချက် မပေးသေးကြောင်း၊ ယခင်က ညွှန်ကြားချက်များပေးဖူးကြောင်း၊ ညွှန်ကြားချက် မပေးသေးသဖြင့် ကျမ်းကျိန်၍ မရသေးကြောင်း မြို့နယ်တရားသူကြီးက ပြောဆိုခဲ့သည်ဟု သူက ပြောသည်။
“ကော်မရှင်က အဆင်မပြေသေးတာ မသိဘဲ သွားလုပ်ကြရင် တခြားသူတွေလည်း ဦးလေးလိုပဲ အခက်အခဲတွေ့ ကြံုတွေ့နိုင်တယ်။ ဒီလောက်အရေးကြီးတာတွေကို အခုထက်ထိ ညွှန်ကြားချက် မပေးသေးဘူးဆိုတော့ ကော်မရှင်က အလုပ်မလုပ်ဘူးဆိုတာ ထင်ရှားနေပါတယ်”ဟု ဦးဝင်းမောင်က ပြောသည်။
စစ်တွေမြို့နယ်၌ လျှောက်လွှာတင်သွင်းသူများထဲတွင် ဦးဝင်းမောင်မှာ ပထမဦးဆုံးဖြစ်ကြောင်း၊ ကျန်ကိုယ်စားလှယ်လောင်းများ သွားရောက်လျှောက်လွှာတင်သွင်း မရှိသေးဟု သိရသည်။
ဦးဝင်းမောင်သည် ကော်မရှင်ထံသို့ တိုက်ရိုက်သွားတွေ့ပြီး ဘဏ်နှင့် မြို့နယ်တရားသူကြီးထံ လုပ်စရာများကို သွားရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ မည်သည့်နေ့တွင် တင်သွင်းနိုင်မည်ကိုလည်း တိအကျမသိရသေးဟု သူက ပြောသည်။
ယင်းသို့ ဘဏ်၌ ငွေကြေးသွင်း၍ မရသည်များနှင့် မြို့နယ်တရားသူကြီးထံ ကျမ်းကျိန်၍ မရသေးဖြစ် နေမှုများကို ကော်မရှင်ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အကြောင်းကြားခဲ့ရာ တစုံတရာရှင်းလင်းခြင်းမရှိဘဲ လူကြီးများနှင့် အစည်းဝေးလုပ်နေသည်ဟုသာ ဖြေကြားခဲ့သည်ဟု သိရသည်။
အဆိုပါကိစ္စကို သိရှိရန် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ခံ ဦးသူရိန်ထွဋ်ကို နိရဥ္စရာသတင်းမှ ဆက်သွယ်မေးမြန်းရာ “ဦးဝင်းမောင် ဒီနေ့မနက်က ကော်မရှင်ရုံးကို လာသွားပါ တယ်။ ငွေသွင်းဖို့ အကောင့်နံပါတ်ကို ပေးလိုက်တော့ အဆင်ပြေသွားပါပြီ။ ဒီနေ့ နေ့လည် ၁၂ နာရီခွဲ မှာ ထပ်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ ကော်မရှင်အနေနဲ့ အလုပ်လုပ်ရာမှာ နည်းနည်းနောက်ကျမှုတွေ တော့ ရှိနေပါတယ်”ဟု ဦးသူရိန်ထွဋ်က ပြောသည်။
ကျမ်းကျိန်ရန်ကိစ္စကိုလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် မြို့နယ်တရားသူကြီးထံ အကြောင်းကြားပေးမည်ဟု သူက ပြောဆိုသည်။







