တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်များဆုံးရ ရခိုင်ကျောင်းသားများအား သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဆုချီးမြှင့်

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်များဆုံးရ ရခိုင်ကျောင်းသားများအား သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဆုချီးမြှင့်
by -
နိရဥ္စရာ
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်၌ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမ ရရှိသော ကျောင်းသူ ကျောင်းသားများအား သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေကရုနာဆေးခန်း၌ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဆုချီးမြှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီကလေးတွေက ကြိုးစားအားထုတ်မှုလည်းရှိတယ်။ နောက်ပြီးတော့ နောင်အောင်မြင်လာကြမယ့် ကလေးတွေအတွက်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးစားလာစေဖို့အတွက်ဖြစ်ပြီးတော့ ကလေးတွေရဲ့ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်။ ကလေးတွေကြိုးစားစေချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာဖို့အတွက် ဖြစ်ပါတယ်”ဟု အသင်း၏ဘဏ္ဍာရေးမှူး မကေခိုင်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆုရရှိသူများမှာ သံတွဲ အထက ၁ မှ မချယ်ရီသင်းက ၅၄၁ မှတ်ဖြင့် ပထမ၊ အထက ၂ စစ်တွေမှ မသဲနုစံက ၅၃၄ မှတ်ဖြင့် ဒုတိယ၊ အထက ၂ စစ်တွေမှ မဖြိုးသန္တာကျော်က ၅၃၁ မှတ်ဖြင့် တတိယ၊ အထက ၂ စစ်တွေမှ မဝင်းသီရိနွယ်က ၅၂၈ မှတ်ဖြင့် စတုတ္ထ၊ မောင်သူရိန်ထွန်းက ၅၂၇ မှတ်ဖြင့် ပဥ္စမအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ရာတွင် ပထမရရှိသူကို ကျပ်ငွေ ၃ သိန်း၊ ဒုတိယရရှိသူကို ကျပ်ငွေ ၂ သိန်း ၅ သောင်း၊ တတိယရှိသူကို ကျပ်ငွေ ၂ သိန်း၊ စတုတ္ထဆုရရှိသူကို ကျပ်ငွေ ၁ သိန်း ၅ သောင်း၊ ပဥ္စရရှိသူကို ကျပ်ငွေ ၁ သိန်း ၂ သောင်း ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုလွှာနှင့် ဆုတံဆိပ်များလည်း ပေးအပ်ခဲ့သည်။

“တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရခိုင်ပြည်နယ်က ၆ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦးပေါ်ထွက်ခဲ့ပြီးတော့ ကျွန်တော်တို့ အထက ၂ စစ်တွေမှ ၁၀ ဦး ဖြစ်ပါတယ်။ အမှတ်အများဆုံး ပထမဆုကို သံတွဲ အထက ၁ ကရရှိပြီးတော့ ကျန်တဲ့ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆု အားလုံးကို ကျွန်တော်တို့ စစ်တွေ အထက ၂ ကပဲ ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ ရခိုင်လူမျိုးတစ်မျိုးလုံးရဲ့ကိုယ်စား ၀မ်းလည်း ၀မ်းသာပါတယ်”ဟု စစ်တွေ အထက ၂ မှ ကျောင်းအုပ်ကြီး ဦးကျော်လှက ပြောသည်။

ဆုရရှိသည့်ကျောင်းသူ ကျောင်းသားထဲတွင် တတ်နိုင်သည့်မိဘများ ပါသလို မတတ်နိုင်သည့် မိဘများလည်း ပါကြောင်း၊ အထူးသဖြင့် ၀န်ထမ်းသားသမီးများပါ၀င်ကြောင်း၊ ၀န်ထမ်းသားသမီးများ အနေဖြင့် အဆင့်မြင့်တက္ကသိုလ်တက်ရန် အခက်အခဲများရှိကြောင်း၊ ၀န်ထမ်းသားသမီးဆိုရာ၌လည်း အဆင့်မြင့်ဝန်ထမ်းများမဟုတ်ဘဲ အောက်ခြေအဆင့် ၀န်ထမ်းများသာဖြစ်ကြောင်း၊ ဆုချီးမြှင့်သည့် သင်္ဂဟကမ်းလက်ရက္ခိအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ကနေ ရခိုင်ပြည်က ထူးချွန်ကျောင်းသူကျောင်းသားတွေကို အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့ အတွက် ကျေးဇူး တင်ရှိပါတယ်။ ဒီလိုမျိုးဆုချီးခြင်းဟာ နောင်တက်လာမည့် ရခိုင်ပြည်ကြီးရဲ့ အနာဂတ် ကျောင်းသားကျောင်းသူများအတွက် အားကျပြီးတော့ ကြိုးစားလာကြမှာ ဖြစ်ပါတယ်။ သားအနေနဲ့လည်း ရှေ့ဆက်ပြီး ပညာကိုဆည်းပူးရင်း ရခိုင်ပြည်ကြီးရဲ့ အနာဂတ် တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တဘက်တလမ်းမှ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ပဥ္စမဆုရရှိသည့် မောင်သူရိန်ထွန်းက ပြောသည်။

ဆုရကျောင်းသူ ကျောင်းသားများက ဆုရရှိငွေများမှ ကျပ်ငွေ ၄ သောင်းကို ရွှေဂရုဏာဆေးခန်း အတွက် လှူဒါန်းခဲ့ကြသည်။

ဆုချီးမြှင့်နိုင်ရန်အတွက် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ကို ရဲမှူးကြီး နေမျိုးထံမှ ၅ သောင်းကျပ်၊ လျှပ်စစ်ဝန်ကြီး ဦးအောင်သန်းတင်ထံမှ ၅ သောင်းကျပ်၊ ရွှေသဇင် ဦးသန်းရွှေထံမှ ၅ သောင်းကျပ်နှင့် ဒေါက်တာဦးစန်းရွှေထံမှ ၅ သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်ခဲ့ပြီး ၂ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ဆုရကျောင်းသူကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများအပါအဝင် စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

ပထမဆုကို ရရှိခဲ့သော သံတွဲ အထက ၁ မှ မချယ်ရီသင်းက ဆုပေးပွဲ အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့ပေ။

သင်္ဂဟကမ်းလက်ရက္ခတအဖွဲ့ကို ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ်အတွက် ပညာရေးကဏ္ဍတွင်သာမက လိုအပ်သည့်နေရာများတွင်လည်း ပံ့ပိုးကူညီမှုများကို ပြုလုပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုနှစ်ဆုပေးပွဲသည် တက္ကသိုလ်ဝင်တန်းဆုရရှိသူများကို သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က ဒုတိယအကြိမ်မြောက် ပေး အပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...