အထက (၂ ) ကျောင်းအုပ်ဆရာကြီးက “၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အထက (၂ )မှ အောင်တဲ့ ကျောင်းသား ကျောင်းသူတွေက မိမိတို့ရဲ့ စေတနာ၊ အနစ်နာ၊ ဂရုဏာ ရှေ့ထားပြီးတော့ စာကိုလည်းသင်၊ ပဲ့ ပြင် ဆုံးမ သွန်သင်ပြခဲ့ကြတဲ့ ဆရာဆရာမတွေကို ကန်တော့ကြတဲ့အတွက် ဒီကနေ့ဟာ အင်မတန် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ သားတို့ သမီးတို့ဟာ ဒီနှစ်မှာ ထူးထူးခြားခြားနဲ့ သမိုင်းသစ်တစ်ခုကို ရေးနိုင်ခဲ့ကြတယ်။ ရခိုင်ပြည်သမိုင်းမှာ တစ်ကျောင်းတည်းက ၁၀ ယောက်ထိ ဂုဏ်ထူး ၆ ဘာသာထွက်တယ်ဆိုတာ တစ်ခါမှ မရှိဖူးသေးဘူး။ အဲတာကြောင့် ထူးခြားတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုနှစ်တွင် ကျောင်းသူ ကျောင်းသားများ၏ ကြိုးစားမှု၊ ဆရာ ဆရာမများ၏ သွန်သင်ဆုံးမမှု၊ မိဘတို့၏ ပေးကမ်းမှုတို့ကို ပေါင်းပြီး ထွက်ပေါ်လာသည့် ရလာဒ်ကောင်း တစ်ခုလည်းဖြစ်ကြောင်း၊ အောင်ချက်သည် ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ရခိုင်ပြည်နယ်၌ ကျောင်းပေါင်း ၁၄၀ ခန့်ရှိရာ၌ သံတွဲ အထက ကျောင်းက ပထမ၊ အထက ၂ စစ်တွေက ဒုတိယ ရရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကျောင်းသူ ကျောင်းသား အရေအတွက် ၅၀၀-၆၀၀ ထိ ၀င်ရောက် ဖြေဆိုသည့် ကျောင်းသည် ဆရာကြီးတို့ အထက (၂) တစ်ကျောင်းတည်းသာရှိကြောင်း ကျောင်းအုပ်ဆရာကြီးကပြောသည်။

ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမတစ်ဦးက သြဝါဒစကားပြောကြားပြီး ကျောင်းသူတစ်ဦးက ကျောင်းသူ ကျောင်းသားများ ကိုယ်စား စကားပြောကြားခဲ့သည်။
အထက (၂) မှ အထပြ ဆရာမ ဒေါ်လှမြသိန်းက “ဒီနေ့ ဒီအချိန်ဟာဆိုရင် ဆရာမကြီးတို့ ကျောင်းအတွက် ပျော်ကောင်း ပျော်ဖွယ် အခမ်းအနားတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဝတစ်တလျှောက် ဆရာမကြီးလုပ်သက် သက်တမ်းတစ်လျှောက် ၆ ဘာသာဂုဏ်ထူး ၁၀ ယောက် ထွက်တယ်ဆိုတာ တခါမှ မကြားဖူးခဲ့ပါဘူး။ ဆရာ ဆရာမတွေ လက်တွဲပူးပေါင်းပြီးတော့ သက်တောင့် သက်သာနဲ့ လျှောက်လှမ်းနိုင်ခဲ့ကြတယ်” ဟု ပြောသည်။
၆ ဘာသာ ၆ ယောက်ထွက်ခဲ့သည့်နှစ်က ကြက်သီးမွှေးညှင်းထခဲ့ရကြောင်း၊ ၆ ယောက်မှာတောင် ကြက်သီးမွှေးညှင်း ထခဲ့ရသည်ဆိုလျှင် ယခု ၁၀ ယောက် ၆ဘာသာ ထွက်၍ မည်မျှထိ ပီတိ် ဖြစ်၍ ပျော်ရွှင်မည်ကို သားတို့ သမီးတို့ စဉ်းစားက သိနိုင်ကြောင်း၊ ၁၀ တန်း ကျောင်းသူ ကျောင်းသားများသည် ဆရာ ဆရာမများကို လွန်ဆန်၍ အမြဲတမ်း ဆိုဆုံးမခဲ့ရကြောင်း၊ ညစ်ခဲ့သည့်စိတ်များလည်း ယခု အခါ ဖြူစင်မှုရှိခဲ့ပြီဖြစ်ကြောင်း ဆရာမကြီးက ပြောသည်။
အနန္တော အနန္ဒဂိုဏ်းဝင် ဆရာကြီးနှင့်တကွ ဆရာဆရာမများအပေါ်၌ ကာယကံ၊ ၀စီကံ၊ မနောကံတို့တွင် တစ်ပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိပါက မေတ္တာရှေ့ထားပြီး သည်းခံခွင့်လွှတ်ပေးပါရန် လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့ပါကြောင်း ကျောင်းသူ ကျောင်းသားများက ပြိုင်တူရွတ်ဆိုပြီး ဆရာ ဆရာမတစ်ဦးစီကို ထီးတစ်လက်စီနှင့် ကောက်ခံရ ရှိသော ငွေကြေးများဖြင့် ပူဇော်ခဲ့ကြသည်။
“ဒီနေ့ဟာ သမီးတို့ အထက ၂ ကျောင်းအတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျေးဇူး တရားအရာမှာ ဖေါ်မပြနိုင်လောက်အောင် အနန္ဒကျေးဇူးရှင် ဆရာဆရာမတွေကို ပူဇော်ကန်တော့ခွင့်ရတဲ့နေ့ဖြစ်လို့ပါပဲ။ သမီးတို့ကို ၀လုံးရေးတတ်အောင် သင်ကြားပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေကနေ တက္ကသိုလ်တန်းကို သင်ကြားပို့ချပေးခဲ့တဲ့ ဆရာ ဆရာမတွေ အားလုံးဟာ သမီးတို့အတွက် ကျေးဇူးကြီးမားလှတဲ့ ဆရာ ဆရာမတွေဖြစ်ပါတယ်”ဟု ၆ ဘာသာဂုဏ်ထူးရှင် မမိုးစုစုစံကပြောသည်။
အဆောက်အဦးတစ်ခု ဆောက်လျှင် ဖေါင်ဒေးရှင်းသည် အရေးကြီးကြောင်း၊ ဖေါင်ဒေးရှင်းကောင်းမှ အဆောက်အဦသည် လေဒဏ် မိုးဒဏ်ကို ခံနိုင်မည်ဖြစ်ကြောင်း၊ ထိုနည်း၄င်းပင် မူလတန်းနှင့် အလယ်တန်း၌ သမီးတို့ကို အခြေခံကျအောင် သင်ကြားပေးခဲ့သည့် ဆရာ ဆရာမ ကျေးဇူးကြောင့် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ခဲ့သည်ဟု သူမကပြောသည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာ ဆရာမ ၅၀ ခန့်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသူ ကျောင်းသားထဲ မှ ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် စတင်ပြီး၊ ၂ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။
အထက ၂ စစ်တွေတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများက အာစရိယ ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြသည်ဟု အထက ၂ မှ ကျောင်းသားဟောင်း တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။







