နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပခဲ့သော ထိုဆွေးနွေးပွဲတွင် နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှု ကိစ္စ၊ တရားမဝင် ပင်လယ်ပြင်ကို ဖြတ်ပြီး မလေးရှားသို့ ထွက်ခွာနေကြသော လှေစီးဒုက္ခသည်များ ကိစ္စတို့ကို အထူးအလေးပေး ဆွေးနွေးခဲ့ကြ သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက် သတင်းရယူခဲ့သူ ဘီတီဗီ ကော့စ်ဘဇား သတင်းထောက် ချော်ဟေးဘိုင်က ပြောသည်။

“ဒီတစ်ခေါက် ဆွေးနွေးပွဲက တော်တော့ကို အရေးကြီးတယ်။ လူစုံတက်စုံ ရောက်ကြပြီး နယ်စပ်မှာ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ အဓိက ဆွေးနွေးကြပါတယ်” ဟု သူက ဆိုသည်။
ဆွေးနွေးပွဲသို့ ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဗိုလ်မှူးချုပ် မိုဟာမတ် ဟာဘီဘူလ် ကရိမ်းဦး ဆောင်ပြီး ကိုယ်စားလှယ် ၂၃ ဦးတက်ရောက်ကာ မြန်မာဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တင်ကိုကို၊ အမှတ် (၁) နယ်မြေမှူး ကျော်သူဇာ၊ အမှတ် (၂) နယ်မြေမှူး သိန်းဟန်၊ မောင်တောခရိုင် အမျိုးသား မှတ်ပုံတင်နှင့် လူဝင်မှု ကြီးကြပ်ရေးဌာနမှ သက်နိုင်ဌေး အပါအဝင် စုစုပေါင်း ၁၇ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နတ်မြစ်အတွင်း လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်ပြီး စိတ်ကြွဆေးပြား ရောင်းဝယ်နေမှုများကို တိုက်ဖျက်ရေး စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံရှိ ဘင်္ဂလီများ ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင်ရောက်နေမှုကို ရပ်တန့်အောင် လုပ်ဆောင်ရန်တောင်းဆိုခဲ့ပြီး မြန်မာဘက်မှ ပူးပေါင်းလုပ်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း ပြောဆိုသည်။







