ရခိုင်မှ ရဲဝန်ထမ်းများကို EU နည်းစနစ်အတိုင်း သင်တန်းပေး

ရခိုင်မှ ရဲဝန်ထမ်းများကို EU နည်းစနစ်အတိုင်း သင်တန်းပေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များကို လူစုလူဝေးဖြင့် အဓိဂရုဏ်း ဖြစ်ပေါ်လာပါက ဖြေရှင်းရမည့် နည်းလမ်းများကိုEU မှ ပို့ချပေးသည့် နည်းစနစ်များဖြင့် သင်တန်းပေး ပို့ချလျက်ရှိသည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“သင်တန်းပေးနေတာတော့ ကြာပြီဗျ။ သင်တန်းပေးတယ်ဆိုတာကလည်း ဒီကလူတွေက ပေးနေတာပါ။ သူတို့က ရန်ကုန်တို့၊ နေပြည်တော် တို့မှာ EU သင်တန်းတွေ သွားတက်တယ်။ အဲဒီလူတွေက ဒီမှာ လာသင်တန်းပေးတယ်ပေါ့။ EU က ဒီကို လာပေးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် EU သင်ခန်းစာတော့ ဟုတ်တယ်” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေမျိုးက နိရဥ္စရာသို့ပြောသည်။

ဥရောပသမဂ္ဂ (EU)အနေဖြင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လေ့ကျင့်သင်ကြားမှုများ၊ လူအုပ်စု သက်ဝင်လှုပ်ရှားမှုနှင့် သဘောတရားများ၊ လူ့အခွင့်အရေး စံနှုန်းများ၊ ဥပဒေဆိုင်ရာ အချက်အလက်များ၊ လူစု  လူဝေးကိုင်တွယ် ဖြေရှင်းနည်းများ၊ ကြီးကြပ်မှုနှင့် ကွပ်ကဲမှုဆိုင်ရာ သဘောတရားများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်းလာရောက်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ EU သင်တန်းကို ရန်ကုန်တွင် ပို့ချခဲ့ခြင်းဖြစ်ပြီး ယင်းသင်တန်းအား ရခိုင်ပြည်နယ်မှသွားရောက်သင်ကြားခဲ့သူများက ရခိုင်ပြည်နယ်ရှိ ရဲအရာရှိများနှင့် ရဲဝန်ထမ်းများအား ပြန်လည်ပို့ချနေခြင်းဖြစ်ကာ အချိန်အကန့်အသတ်မရှိ သင်ကြားပေးသွားမည်ဟုလည်း ရဲမှူးကြီးက ဆက်ပြောသည်။

သင်တန်းတွင် ရခိုင်ပြည်နယ်တွင်းရှိ ရဲဝန်ထမ်းများအနေဖြင့် ဆန့်ကျင်စုဝေးနေသည့် ပြည်သူများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ သည့်အခါ ပြည်သူ့ဗဟိုပြုစနစ်နှင့် လူထုအား ဖြေလျှော့ခြင်းနည်းစနစ်များကို ဥရောပသမဂ္ဂ (EU) ၏ နည်းစနစ်များအတိုင်း သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ အမှားအယွင်းမရှိအောင်ပေါ့နော်။ သူတို့ (EU) ရဲ့ နည်းပညာလေးတွေကို သင်ပေးတာပါ”ဟု ရဲမှူးကြီးနေမျိုးက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်မှ အမည်မဖော်လိုသူရဲဝန်ထမ်းတစ်ဦးက “အဓိကတော့ အားလုံး ကောင်းဖို့အတွက် သင်တာပဲလေ။ သင်ပေးတဲ့အတွက် ကောင်းတယ်လို့ပဲ ပြောပါရစေ” ဟု သင်တန်းသင်ကြားပေးနေမှုအပေါ် သုံးသပ်ပြောသည်။

မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များအား EU က ယင်းသို့သင်ကြားပို့ချအပြီး အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြ သည့် ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့များအနေဖြင့် EU နည်းစနစ်အတိုင်း ဖြိုခွင်းခဲ့မှုအပေါ် လူထုက ဝေဖန်မှုများလည်းရှိခဲ့သည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...