ဦးအောင်မြင့်က “ အခုပြုစုထားတဲ့ စာရင်းကတော့ မြို့နယ်အလိုက် ကောက်ယူပြုစုထားတဲ့ စာရင်း ဖြစ်ပါတယ်။ ထွေအုပ်ရယ် ၊ လဝက ရယ် နှစ်ခုပူးပေါင်းပြီး ကောက်ယူပြုစုထားတာပါ ” ဟု နိရဥ္စရာသို့ ပြောသည်။
လက်ရှိကောက်ယူပြုစုထားသည့် ဆန္ဒမဲပေးနိုင်သူစာရင်းအား စတင်ကြေညာပေးမည့် အကြောင်းနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် အရပ်ဘက်အဖွဲ့အစည်း ၂၆ ဖွဲ့ကို ဇွန်လ (၁၁)ရက်နေ့တွင် ဖိတ်ကြားကာ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ် သည်။
အခြေခံမဲဆန္ဒရှင် စာရင်းကိုထုတ်ပြန်ကြေညာရာတွင် မိမိတို့၏ နာမည်ပါမပါ၊ နာမည်မှန်ကန်မှု ရှိမရှိ၊ မပါသင့်သည့် လူများ မဲစာရင်းထဲတွင် ပါနေသလား၊ ၄င်းအချက် ၃ ချက်ဖြင့် စီစစ်လုပ်ဆောင်ခြင်းဖြင့် ပြီးပြည့်စုံသည့် မဲပေးသူစာရင်းကို ပြုစုနိုင်သည်ဟု ဦးအောင်မြင့်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိကောက်ယူပြုစုထားသည့် အခြေခံဆန္ဒမဲပေးနိုင်သူဦးရေးမှာ ၁၄၁၅၄၃၆ (၁၄ သိန်းကျော်) ဦးရှိပြီး ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပွင့်လင်းမြင်သာပြီး တရာမျတသည့် ရွေးကောက်ပွဲဖြစ်အောင် ကြိုးစား လုပ်ဆောင်နေသည်ဟု ဦးအောင်မြင့်က ဆက်လက်ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလတွင်ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း မဲရုံများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ဟု ပြောဆိုနေသော်လည်း ရခိုင်ပြည်နယ်အတွင်း လက်ရှိအာဏာရပါတီနှင့် စစ်တပ် အခြေချကြီးစိုးထားသည့် အမ်းမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်ကဲ့သို့ နေရာများတွင် အရပ်ဘက် အဖွဲ့အစည်များအနေဖြင့် စောင့်ကြပ်ကြည့်ရှုရာတွင် အခက်အခဲများ ရှိနိုင်သည်ဟု ၄င်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင့်မျိုးဆက်သစ် နိုင်ငံရေး အင်အားစုအဖွဲ့မှ ကိုစိုးနိုင်ထွန်းက ထောက်ပြခဲ့သည်။
“တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေများတဲ့ အမ်းမြို့လိုနေရာမျိုးမှာ CSO အဖွဲ့တွေ ခြိမ်းခြောက်ခံတာမျိုး၊ အဲဒီ CSO တွေရဲ့ လုံခြံုရေးအတွက် ဘယ်သူ တာဝန်ယူမှာလဲ၊ လက်ရှိ ကော်မရှင်ကလည်း ဘယ်လောက်လွတ်လပ်မှု ရှိသလဲ ဆိုတာ တာကို ကျွန်တော်တို့ စဉ်းစားရမယ် ” ဟု ကိုစိုးနိုင်ထွန်းက ဆိုသည်။
မဲစာရင်းကို မြန်မာတစ်နိုင်ငံလုံး အဆင့် ၁၊ ၂၊ ၃၊ ၄ ခွဲပြီး ကြေညာလာခဲ့ရာ အဆင့် ၄ အဖြစ် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့ ပါ၀င်ပြီး ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၅ ရက်နေ့ထိ အခြေခံမဲပေးနိုင်သူများစာရင်းကို ထုတ်ပြန်ကြေညာပေးသွား မည်ဟု ကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
တစ်နိုင်ငံလုံးတွင် မဲစာရင်းကို တစ်ပြိုင်တည်း မကပ်နိုင်ခြင်းမှာ မဲစာရင်းကောက်ရာ၌ ကျွမ်းကျင်သူများ မလုံလောက်ခြင်း၊ ပူးပေါင်းပါ ၀င်လုပ်ဆောင်သူများ မလုံလောက်ခြင်းနှင့် ကွန်ဗျူတာအရေအတွက် မလုံလောက်ခြင်းတို့ကြောင်း ဖြစ်သည် ဟု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့က ရှင်းပြသည်။
မြန်မာနိုင်ငံ၌ မဲပေးနိုင်သူများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများဖြစ်ကြောင်း သိရသည်။
အသက် ၁၈ နှစ် ပြည့်ပြီး၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အပြည့်စုံရှိပြီး မဲစာရင်းထဲတွင် မပါ၀င်ပါက ပုံစံ ၃ ဖြည့်ပြီး တင်ပြရမည်ဖြစ်ပြီး၊ အသက် ၁၈ နှစ်ပြည့်သော်လည်း မှတ်ပုံတင်မရှိသေးသည့် သူများအတွက်မူ တိုင်းရင်းသားဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများမှ အထောက်အကူပြုကော်မတီ၏ ထောက်ခံချက်ဖြင့် မဲပေးနိုင်သည်ဟုလည်း ၄င်းကော်မရှင်ထံမှ သိရသည်။
သေဆုံးသွားသူ သို့မဟုတ် မဲပေးခွင့်မရှိသူများ မဲစာရင်းထဲတွင် ပါ၀င်နေပါက ပုံစံ ၄ ဖြင့် တင်ပြပြီး ပယ်ဖျက်ပေးရန် တင်ပြရမည်ဖြစ်သည်။
ရွေးကောက်ပွဲတစ်ခုပြုလုပ်ရန် (၁) ဥပဒေမူဘောင်၊ (၂) ရွေးကောက်ပွဲဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင် အထည်ဖေါ်ခြင်း၊ (၃) သင်တန်းများနှင့် ပညာပေးခြင်း၊ (၄) မဲစာရင်းပြုစုခြင်း၊ (၅) ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်မှု၊ (၆) မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင် ရွက်ခြင်းနှင့် ရွေးကောက်ပွဲနေ့၊ (၇) ရလဒ်များကို စိစစ်ခြင်း၊ (၈) ရွေးကောက်ပွဲနောက်ပိုင်း ကာလဆိုပြီး အဆင့် ၈ ဆင့်ရှိရာ မဲစာရင်း ပြုစုခြင်းကာလမှ ပြီးဆုံးသည်အထိ CSO များနှင့် လက်တွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် မှ တာဝန်ရှိသူများက ပြောကြားသွားသည်။







