မောင်တောတွင် ပစ်ခတ်မှု ဖြစ်ပွား၍ နှစ်ဦး ဒဏ်ရာရ

မောင်တောတွင် ပစ်ခတ်မှု ဖြစ်ပွား၍ နှစ်ဦး ဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇွန်လ ရ ရက်နေ့ညက ပစ်ခတ်မှု ဖြစ်ပွား၍ အမျိုးသမီးငယ် တစ်ဦးအပါအဝင် လူနှစ်ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု မောင်တောမြို့နယ် ရဲမှူးက ပြောသည်။

“အူစမန်ဆိုတဲ့ ဘင်္ဂလီအမျိုးသားမှာလည်ပင်းမှာ ဒဏ်ရာ ရရှိပြီး ယာဆမင်ဘေဂင်မှာ တင်ပါးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ နှစ်ဦးစလုံးကို အခု မောင်တောဆေးရုံမှာ တင်ထားရပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးက နိရဥ္စရာသို့ ပြောဆိုသည်။

ဖြစ်စဉ်မှာ ဇွန်လ ရ ရက်နေ့ ည ၉ နာရီခန့်က အူစမန်ဆိုသူသည် မော်တော်ဆိုင်ကယ် စီးနှင်းလာစဉ် အမည်မသိ လူ သုံးဦးမှ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်သံကြောင့် အနီးအနားရှိ ကျေးရွာသားများ ၀ိုင်းအုံလိုက်လာစဉ် နောက်ထပ် နှစ်ကြိမ် ပစ်ခတ်သဖြင့် အနီးအနားတွင် ရှိနေသော ယာဆမင်ဘေဂင်၏ တင်ပါးတွင် ကျည်ဆံထိပြီး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း မြို့နယ်မှူး ရဲမှူးထံ သိရှိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲမှူးက “ဖြစ်တာက အခုလက်ရှိ အခေါ် မြို့မအနောက်ရပ်ကွက်လို့ ခေါ်တဲ့ ဖေဇီရွာရဲ့ လမ်းမပေါ် ဖြစ်တာပါ။ သူတို့အချင်းချင်း စီးပွားရေးအရ ဖြစ်တယ်လို့ ယူဆရတယ်။ ဒါပေမယ့် စုံစမ်းဆဲ ဖြစ်တဲ့ အတွက် တိတိကျကျတော့ မပြောနိုင်သေးဘူး” ဟု ဆက်လက်ပြောဆိုသည်။

ကျည်ဆံထိမှန်သော အူစမန်သော အူစမန်မှာ ဒဏ်ရာပြင်းထန်ပြီး၊ ရရှိသော ဒဏ်ရာအနီးတဝှိုက်တွင် အသားများ ပွလန်နေသဖြင့် ခဲသီးများပါသော ယမ်းထောင်း(လုပ်သေနတ်)ဖြင့် ပစ်ခတ်ပုံရသည်ဟု ဆေးရုံ အသိုင်းအဝိုင်းမှ ပြောကြားသည်။

“ဒီကနေ့တော့ သူတို့ကို Operation လုပ်မယ်။ ဒါဆိုရင် ဘယ်သေနတ်နဲ့ ပစ်တယ်ဆိုတာကို သိရမယ်။ ပစ်ခတ်တဲ့ လူတွေကိုတော့ မဖမ်းမိသေးဘူး။ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု မြို့နယ် ရဲမှူးက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ မောင်တောမြို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ကပ်လျက်တည်ရှိပြီး မှောင်ခို ဒုစရိုက် လုပ်ငန်းများလည်း ထူပြောသော်လည်း ယခုလို ပစ်ခတ်လုပ်ကြံမှု ဖြစ်စဉ်မှာ အလွန်ရှားပါးသည်ဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...