ပျက်စီးလယ်မြေ လျော်ကြေးမရ၍ ကျောက်ဖြူတွင် ဒေဝူးကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြ

ပျက်စီးလယ်မြေ လျော်ကြေးမရ၍ ကျောက်ဖြူတွင် ဒေဝူးကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြ
by -
နိရဥ္စရာ
ဓာတ်ငွေ့သန့်စင် စက်ရုံကြောင့် ပျက်စီးသွားသော  လယ်မြေများအား လျော်ကြေးပေးရန် ဒေဝူးကုမ္ပဏီမှ ပျက်ကွက်နေသဖြင့် ဒေသခံ လူပေါင်း ၃၀၀ ခန့်က ၎င်းကုမ္ပဏီကို ဇွန်လ ၃ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၎င်းဆန္ဒဖော်ပြပွဲကို နေ့လယ် ၁၂ နာရီခွဲမှ စတင်ကာ ဒေဝူးပိုင်  ဓာတ်ငွေ့သန့်စင်စက်ရုံအနီး မလကျွန်းကျေးရွာမှ စုရပ်လုပ်ပြီး ကံ့ကော်တောဘုရားထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

“လယ်သမားတွေကို ဘာမှမတိုင်ပင် အသိမပေးဘဲနဲ့ ကန်သင်းတွေကို ဆည်တယ်။ ကျောက်တွေကို စီနေတယ်။ ပြီးတော့ စည်းကမ်းအမျိုးမျိုး တင်းကြပ်လာတယ်။ ကျနော်တို့ကို လယ်ပိုင်ရှင်လို့တောင် မထင်တော့ဘူး ထင်တယ်။ မိမိတိုင်းပြည်မှာနေပြီး သူတစ်ပါး နိုင်ငံသားတွေရဲ့ မတူမတန် ဆက်ဆံမှုကို ခံနေကြရတယ်” ဟု ဦးမောင်ဝေခင်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ရွှံ့ဖုံးလယ်ယာမြေအရေး ဖြေရှင်းပေး၊ လယ်ပိုင်ရှင်များ၏ ဆန္ဒကိုလိုက်လျောပါ၊ ဒေဝူးကုမ္ပဏီ အလိုမရှိ၊ ဒေဝူး-ဒေဝူး ဂတ်အောက် (Get out ) စသည့် ဆိုင်ဘုတ်များကို ကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

KP Demonstration Daewoo Company Copy

ကံ့ကော်တောဘုရားက အပြန်တွင် ဒေဝူးကုမ္ပဏီ ဓာတ်ငွေ့သန့်စင်စက်ရုံရှေ့၌ ရပ်တန့်ပြီး ဆန္ဒပြခဲ့ရာတွင် ခေါင်းဆောင်တစ်ဦးဖြစ် တဲ့ ဒေါ်ခင်နုက “ပြေလည်အောင်မဖြေရှင်းပေးရင် ဆက်တိုက်ဆန္ဒထုတ်ဖော်ပြီး မရရင် သပိတ်စခန်းဖွင့်သွားမယ်” ဟု ပြောသည်။

ဓာတ်ငွေ့သန့်စင်စက်ရုံအနီးတစ်ဝိုက်တွင် စက်ကရိယာများသွားလာအသုံးပြုခြင်းကြောင့် လယ်မြေများ ပျက်စီးခဲ့သည်။ မြေယာပျက်စီးခြင်းကြောင့် လျော်ကြေးကို ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ၁ ဧကလျှင် စပါးတင်း ရ၀ နှုန်း၊ တစ်တင်းလျှင် ကျပ်ငွေ ၅၅၀၀ ကျပ်နှုန်းဖြင့် လျော်ပေးခဲ့သည်။ တစ်ဧကလျှင် ကျပ်ငွေ ၃၈၅၀၀၀ ကျပ်ရရှိခဲ့ရာ ၂၀၁၄ ခုနှစ်မှာတော့ ၃၅၀၀၀၀ ကျပ်သာ ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်မှာတော့ လယ်ပိုင်ရှင်တွေအား မြေယာပြန်လည်ပြုပြင်ရန် လျော်ကြေးကို တိုက်ရိုက်မပေးတော့ဘဲ ပါရမီကုမ္ပဏီအား ကန်ထရိုက်ပေးလိုက်ခြင်းဖြစ်သည်။ ပျက်စီးသွားသော လယ်မြေတွေ ပြန်လည်ပြုပြင်ရန် ပါရမီမှ ကန်ထရိုက်ရယူသွားပြီး လယ်သမားများအား ဘယ်နှစ်ရာခိုင်နှုန်းပြီးမှ ငွေထုတ်ပေးမယ်။ သူတို့ မကြိုက်ရင် ငွေမထုတ်ပေးဘူး။ ကိုယ့်သဘောနဲ့ကိုယ်စာ ချုပ်လုပ်ပြီး  နောင်အခါ မည်သည့်အကြောင်းပြချက်နဲ့မှ လျော်ကြေးမတောင်းဆိုပါဘူးဆိုပြီး ပါရမီကုမ္ပဏီမှ လက်မှတ်ထိုးခိုင်းကြောင်း ဒေသခံတွေကပြောသည်။

ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ပျက်စီးသွားသော လယ်မြေများမှာ လိပ်ခမော်အုပ်စု၊ မလကျွန်းကျေးရွာ၊ ဂုံးချိန်အုပ်စု၊ ဂုံးချိန်ကျေးရွာများမှ ကွင်းအမှတ်(၄၅၄)၊ (၄၅၅)၊ (၄၅၆)၊ (၄၅၇)ရှိ လယ်မြေဧက ၆၀ ကျော် ဖြစ်ပြီး လယ်သမား ရ၀ ခန့်ပိုင်ဆိုင်သော လယ်မြေများ ဖြစ်ကြသည်။

၎င်းကိစ္စအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကုမ္ပဏီ၊ လယ်သမား၊ အာဏာပိုင် အကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း ကတိသာပေး၍ ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံတွေကပြောသည်။

ဆန္ဒပြပွဲသို့ မလကျွန်း၊ ဂုံးချိန်၊ အုန်းတော၊ ရှောက်ချောင်း၊ စည်မော်၊ စစ်တော၊ ပျားတဲ၊ ကြံချိုင်၊ ဦးကင်း၊ ကြတ္တိန်၊ မဒဲကျွန်း စသည့်ကျေးရွာများမှ လာရောက်ခဲ့ကြသည်။ ဆန္ဒဖော်ထုတ်ပွဲကို နေ့လယ် ၂ နာရီခွဲ အချိန်တွင် ရပ်နားခဲ့သည်။

ထိုအခက်အခဲများကို ကြားဝင်ဖြေရှင်းပေးရန်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ဧပြီလ ၁၀ ရက်နေ့က သနားခံတင်ပြ ထားသော်လည်း ထူးခြားမှုမရှိကြောင်းသိရသည်။

အလယ်ဒွိန်ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် Daewoo Company (ဒေဝူး ကုမ္ပဏီ) က ၀င်ရောက် ပါ၀င်ပတ်သက်နေသောကြောင့် ဒေသခံများက မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သတင်း ရရှိသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...