မေလ ၁၉ ရက်နေ့၊ ညနေပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေး ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
“အဲဒီလှေစီး ရိုဟင်ဂျာတွေထဲမှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီဒုက္ခသည်စခန်းတွေကနေ ပါတယ်ဆိုပြီး ပြောနေကြတဲ့ သူတွေကို ဘာအထောက်အထားနဲ့ စွပ်စွဲနေကြတာလဲလို့ ကျနော်တို့က မေးချင်တယ်။ ကျနော်တို့မှာ ဒီကနေ့အထိ ဘယ်ဒုက္ခသည်စခန်းက ဘယ်ဘင်္ဂါလီဒုက္ခသည်တွေမှ လူကုန်ကူးပွဲစားတွေနဲ့ လိုက်သွားလို့ ပျောက်နေတာ မရှိသေးဘူး”ဟု ယင်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်း ၁ဝ ခုကျော်ရှိသော်လည်း ယင်းစခန်းရှိ ဘင်္ဂါလီဒုက္ခသည်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့က လုံခြံုရေးအပြည့်အဝရယူထားသဖြင့် ဘင်္ဂါလီဒုက္ခသည်များအနေဖြင့် အလွယ်တကူ ဝင်/ထွက် သွားလာမှု မရှိကြောင်းလည်း ဦးလှသိန်းက ဆက်ပြောသည်။
“ရိုဟင်ဂျာဆိုတာနဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကို တန်းမြင်ကြတော့တာပဲ။ ကျနော်တို့ သိရသလောက်ကတော့ အဲဒီလှေစီးဒုက္ခသည်တွေကို မင်းတို့ တစ်ခုခုဖြစ်လို့ရှိရင် ရိုဟင်ဂျာလို့ပြောဆိုပြီးတော့ လူပွဲစားက သင်ပေးပြီးသား။ ဒါကြောင့် ဘင်္ဂလီတွေအားလုံးက ခုလို ထွက်ဆိုကြတာ”ဟု ယင်းက ဆိုသည်။
ယခု မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတွင် ကယ်တင်ထားသော လှေစီးဒုက္ခသည်များသည် ဘင်္ဂလာဒေရှ့် ကမ်းခြေမှ တဆင့် ထိုင်းလုပ် ၀ါးလက် ငါးဖမ်းလှေများဖြင့် ထွက်ခွာကြသူများ ဖြစ်ကြကြောင်း သိရသည်။
နိုင်ငံတကာ သတင်းမီဒီယာများကမူ ယခု လှေစီးဒုက္ခသည်များမှာ ဖိနှိပ် ခွဲခြားဆက်ဆံခံရမှုတို့ကြောင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ထွက်ပြေးလာကြသူများ ဖြစ်ပီး အချို့မီဒီယာများကမူ ဒုက္ခသည်စခန်းများမှ လူအချို့ကို ငွေဖြင့် ရွေး၍ လူမှောင်ခိုသမားများလက်မှ ပြန်လည် ကယ်တင်ခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြနေကြသည်။
ယင်းသို့ ဘင်္ဂါလီကို ရိုဟင်ဂျာဟုအမည်ခံကာ မဟုတ်မမှန်စွပ်စွဲပြောဆိုနေကြခြင်းမှာ မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်းလည်း ဦးလှသိန်းက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်။







