ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်ထိရှိလာ

ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်ထိရှိလာ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်နေရာနှင့် အနီးဝန်းကျင်ရှိကျေးရွာအချို့မှ ဒေသခံများသည်  စပါးဆိပ်ကျေးရွာသို့ ပြောင်းရွှေ့တိမ်းရှောင်မှုများပြုလုပ်နေရာ စစ်ဘေးရှောင် ဦးရေ တိုးလာသည်ဟု ဒေသခံများထံမှ သိရသည်။

တိမ်းရှောင်သူများထံသွားရောက်ကူညီပေးခဲ့သူ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက “ကျနော်တို့ရထားတဲ့စာရင်းအရရော အာဏာပိုင်တွေရဲ့စာရင်းအရရော အရင်ရောက်ရှိနေတဲ့ စစ်ရှောင်လူဦးရေက ၄ဝ၇ ယောက်ပဲရှိတာ။ အဲဒါ ဒီနေ့မနက်က အာဏာပိုင်တွေက ကျနော်တို့ကို လှမ်းပြောတယ်။ ၅၇၄ ယောက်ဖြစ်သွားပြီတဲ့”ဟု ယင်းက နိရဥ္စရာသို့ပြောသည်။

စပါးဆိပ်ကျေးရွာအတွင်း ယခင်ရောက်ရှိနေသည့် စစ်ရှောင်သူ ၄ဝဝ ကျော်မှာ ကျောက်တော်မြို့နယ် အောင်လံချောင်း၊ ကုလားကျ၊ ပင်လုံကျေးရွာတို့မှဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့မှ စတင်ကာ ပြောင်းရွှေ့ တိမ်းရှောင်လာကြသူများမှာ ဘင်ချောင်းကျေးရွာမှ ဒေသခံများ ဖြစ်ကြသည်ဟု သိရသည်။

စပါးဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇံဦးကလည်း “မနေ့ကနေ စတိုးလာတာပါ။ ယောက်ျားတွေကတော့ သူတို့ရွာနဲ့ ဒီကို သွားလိုက် လာလိုက် လုပ်နေကြတယ်။ ဒါကြောင့် စာရင်းအရ လူဦးရေ ၅ဝဝ တော့ မကျော်သေးဘူးပေါ့လေ”ဟု ဧပြီ ၂၆ ရက်နေ့တွင် နိရဥ္စရာသို့အတည်ပြုပြောသည်။

ယခုအခါ အဆိုပါစစ်ရှောင်ပြည်သူများမှာ စပါးဆိပ်ကျေးရွာရှိ မူလတန်းကျောင်းတွင် နေရာချပေးထားပြီး စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု ဆိုသည်။

“သူတို့တွေရဲ့စားဝတ်နေရေးက ကျနော်တို့ထောက်ပံ့တာလေးနဲ့ဆို တစ်နပ်၊ နှစ်နပ်လောက်ပဲ အဆင်ပြေနိုင်ဦးမယ်။ ဒေသခံတွေရဲ့ သွားရေးလာရေးကလည်း အရင်ကလို လွတ်လွတ်လပ်လပ် မဟုတ်တော့ ထောက်ပံ့ပေးမှုတွေ အများကြီးလိုနေသေးတယ်”ဟု တိမ်းရှောင်သူများထံ သွားရောက် ကူညီပေးခဲ့သူ ကိုဇော်ဝင်းက ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကို တပ်မတော်၊ ရခိုင်ပြည်နယ် အစိုးရ၊ လူမှု အဖွဲ့အစည်းများနှင့်  ကျန်းမာရေးဌာနတို့က ပူးပေါင်းဆောင်ရွက်နေသည်ဟု စပါးဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ကျောက်တော်နယ်စပ်နှင့် ပလက်ဝနယ်စပ်အကြားတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့မှာ မတ်လနောက်ဆုံးပတ်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဘက် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...