“ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီကနေ့ ဖုန်းဆက်ပြီး တားမြစ်ပါတယ်။ မသွားနဲ့ပေါ့။ စစ်ဖြစ်နေတဲ့ နေရာ ဖြစ်တဲ့ အတွက် အကူအညီသွားပေးလို့ မရဘူးလို့ ပြောပါတယ်” ဟု ကျောက်တော်မြို့နယ် အမျိုးသမီး ကွန်ယက်ဥက္ကဋ္ဌ ဒေါ်လှမေက ပြောသည်။
ယခုကဲ့သို့ တားမြစ်သော်လည်း ဗျူဟာမှူးရှိနေသော စပါးဆိပ်ထိ သွားရောက်ပြီး ကူညီလှူဒါန်းမည်ဟု ဒေါ်လှမေက ဆက်လက် ပြောဆိုသည်။
“ကျွန်မတို့က ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေပါ။ ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေ မဟုတ်ပါဘူး။ ခုလို တားမြစ်ပေမယ့် ကျွန်မတို့ သွားရောက် ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။ လူတွေ သွားလာလို့ ရတဲ့ စပါးဆိပ်ရွာထိ သွားရောက် ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။ အဲဒီရွာမှာ လုံခြံုရေး ရှိပြီး ဗျူဟာမှူး ကိုယ်တိုင်ရှိနေတဲ့ အတွက် ကျွန်မတို့ သွားရောက်မှာ ဖြစ်ပါတယ်။ ဒီကနေ့နံနက်မှာပဲ သွားကြမှာ ဖြစ်ပါတယ်။ စစ်မြေပြင်ကိုတော့ သွားမှာ မဟုတ်ပါဘူး” ဟု သူမကဆိုသည်။
သွားရောက်လှူဒါန်းမည့် ခရီးစဉ်အား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ယမန်နေ့က သွား၍ ရကြောင်း ပြောကြားထားပြီး ယနေ့တွင် မြို့နယ်ရဲမှူးက တားမြစ်ခဲ့သည်ဟု သူမကဆိုသည်။ မြို့နယ်ရဲမှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသည်ဟု အကြောင်းပြန်သဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။
အဆိုပါ စပါးဆိပ်ကျေးရွာတွင် စစ်ပြေးရှောင်သူ ၄၁၇ ဦး ရှိပြီး ၎င်းတို့မှာ ပင်လုံ၊ အောင်လံချောင်းနှင့် အခြားကျေးရွာ တစ်ခုမှဖြစ်ကြောင်း သူမက ပြောဆိုသည်။
“ကျွန်မတို့ကို စပါးဆိပ်ကျေးရွာက အမျိုးသမီးတွေက အကူအညီတောင်းပါတယ်။ သူတို့မှာ ထမင်းနဲ့ ရေပဲ ရှိပါတယ်။ ဘာမှ စားစရာမရှိတဲ့ အတွက် အကူအညီပေးပါလို့ ဆက်သွယ် အကူအညီတောင်းတဲ့ အတွက် ကျွန်မတို့က သွားရောက် ကူညီမှာ ဖြစ်ပါတယ်။ ကူညီမယ့် ပစ္စည်းတွေက ဆန်၊ အာလူး၊ ငါးခြောက်၊ ပဲ၊ ဆီ စတဲ့ ရိက္ခာတွေ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
၎င်းပြင် ပီချောင်း တစ်လျှောက်ရှိ ကျေးရွာများတွင်လည်း ရွာအပြင်သို့ ထွက်ခွင့်ကို တပ်က ပိတ်ပင်ထားသဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောဆိုသည်။
“ကျွန်တော်တို့ ပီချောင်းတဝိုုက်မှာ ရွာပြင်ပကို မသွားဖို့ တပ်က တားမြစ်ထားပါတယ်။ ဒါကြောင့် တစ်နေ့ရှာမှ တစ်နေ့စားရသူတွေအနေနဲ့ အထူး အခက်အခဲ ဖြစ်နေပါတယ်။ နွားကျောင်းသားတွေက အစ နွားကျောင်းလို့ မရ ဖြစ်နေပါတယ်။ ဒါကြောင့် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ၀ဲကြီးချောင်း ရွာသစ်မှ ဒေသခံ တစ်ဦးက ပြောသည်။
ယခု လက်ရှိ စားဝတ်နေရေးနှင့် အခက်အခဲ ကြံုနေကြရသော ကျေးရွာများမှာ ဝေလာကန်၊ ငါးဆောင်ဘက်၊ သံထောင်၊ ခြင်ကန်၊ သံပုရာကန်၊ ဓနိတောင်၊ ၀ပြင်နှင့် ၀ဲကြီးထောင့် ရွာသစ် စသည်တို့ ဖြစ်ကြသည်ဟု ဆိုသည်။
ယခုအခါ ခရီးသည်တင် စက်လှေများမှ အပ ကုန်တင်စက်လှေများ၊ စျေးရောင်းချသည့် စက်လှေများ၏ သွားလာခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု သတင်း ရရှိသည်။







