ရခိုင်လူငယ်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့အကြား ပြသနာဖြစ်ရာမှ လူအများအပြား ထိုးနှက် အရိုက်ခံရ

ရခိုင်လူငယ်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့အကြား ပြသနာဖြစ်ရာမှ လူအများအပြား ထိုးနှက် အရိုက်ခံရ
by -
နိရဥ္စရာ
နယ်ခြားစောင့်တပ်ဖွဲ့မှ ထုခွဲဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ- နိရဥ္စရာ)
နယ်ခြားစောင့်တပ်ဖွဲ့မှ ထုခွဲဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ- နိရဥ္စရာ)
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် သင်္ကြန်အကျ၊ ဧပြီလ ၁၄ ရက်နေ့က ရခိုင်တိုင်းရင်းသား လူငယ်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အချို့အကြား စကားများ ရန်ဖြစ်ရာမှ စတင်ပြီး ရဲများက ကားများရိုက်ခွဲ ဖျက်ဆီးခဲ့သလို ဒေသခံအများအပြားအားလည်း ရိုက်နှက် ထိုးကြိတ်ခဲ့သည်ဟု မောင်တော ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ ဘူးသီးတောင်ကနေ ရေကစားပြီး မောင်တောမြို့ကိုအပြန် ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီးတွေကို နယ်ခြားစောင့်တပ်က ရေပက်ရာကနေ စကားများကြပြီး ကျွန်တော်တို့ကို လက်သီးတွေနဲ့ ထိုးပါတယ်။ ကျွန်တော်တို့ အဲသလို အနိုင်ကျင့်ခံရပြီး မြို့ထဲကို ပြန်လာကြပါတယ်။ အဲဒါကို မကျေနပ်နိုင်သေးတဲ့  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်က နောက်ထပ်ကားသုံးစီးနဲ့  မြို့ထဲကို လိုက်လာပြီး ကားတွေကို ရိုက်နှက်ဖျက်ဆီးတာတို့ လူတွေကို ထိုးကြိတ်တာတို့ ပြုလုပ်ပါတယ်” ဟု နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ၀ိုင်းဝန်းထိုးကြိတ်ခံရသူ ဒေသခံ ရခိုင် လူငယ် တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်တွင် ကားအမှတ် ရ (က) ၂၆၆၁ ကို ရဲများက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ကားမှန်များ ဖျက်ဆီးခံခဲ့ရသလို နေလင်းထွန်းဆိုသူ လူငယ် တစ်ဦးမှာလည်း ဖမ်းဆီးခံခဲ့ရပြီး အခြား လူငယ်နှစ်ဦးမှာလည်း ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုကဲ့သို့ ပြဿနာ ဖြစ်ပွားပြီးနောက် မောင်တောမြို့တွင် လူစု လူဝေး ဖြစ်ပေါ်ခဲ့ကြောင်း အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက ပြောဆိုသည်။

“ခုထက်ထိ မြို့ထဲမှာ လူစု လူဝေးက ရှိနေတုန်းပါပဲ။ ၂၀၀ ၀န်းကျင်လောက်တော့ ရှိမယ်ထင်ပါတယ်။ လူတွေကို ရိုက်နှက်သွားတာထက် လူမျိုးရေးအရ စော်ကားဆဲဆိုသွားတဲ့ အပေါ်မှာ အများကြီး မကျေမနပ် ခံပြင်းနေကြပါတယ်။ ရခိုင်တွေ ဘာဖြစ်တယ်- ညာဖြစ်တယ်ဆိုပီး လူမျိုးရေးအရ စော်ကားသွားပါတယ်။ အခု ရဟန်းတော် တချို့လည်း ရောက်ရှိနေပါတယ်” ဟု  သူက ဆက်လက် ပြောဆိုသည်။

အဆိုပါ ဖြစ်ပွားခဲ့သော ကိစ္စနှင့် ပတ်သက်ပြီး အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ရေးအတွက် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ ဂျီဝမ်း(G 1)တို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

မောင်တောမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မြို့နယ်ရဲစခန်းမှူးက ယခုလို ပြောဆိုသည်။

“ကျွန်တော် ဒီကိစ္စ ဘာမှ မသိဘူး။ ခင်ဗျားတို့သိရင် သိတဲ့ နေရာကိုသာ ဆက်သွယ်မေးမြန်းပါ” ဟု တုန့်ပြန် ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့သည် မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး ဘင်္ဂလီလူမျိုးများမှာ လူများစု ဖြစ်ကာ ရခိုင်တိုင်းရင်းသားများမှာ ယင်းမြို့တွင် လူနည်းစု လူမျိုးများ အနေဖြင့် ရပ်တည်နေထိုင်နေကြရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် နယ်ခြားစောင့်တပ်ဖွဲ့မှ မြို့ထဲသို့ ၀င်ရောက်လာပြီး အုပ်စုလိုက် ဒေသခံ ရခိုင်တိုင်းရင်းသားများအား ရန်ရှာ တိုက်ခိုက်မူများ ပြူလုပ်ခဲ့သဖြင့် မြို့ခံ ပြည်သူများ အကြား အထူးစိုးရိမ်မှုများ တိုးပွားနေသည်ဟု သိရသည်။

(နောက်ဆုံး ရရှိသော သတင်းအရ ပြဿနာ ဖြစ်ပွားရာ မောင်တောမြို့ထဲသို့ တပ်မတော်မှ ဒေသ အခြေစိုက် ဗျူဟာမှူးကိုယ်တိုင် တပ်အင်အား ၂၀ ခန့်နှင့်  ရောက်ရှိလာပြီ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု သိရှိရသည်။)

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...