ရခိုင်ပြည်နယ်အတွင်း တရားမဝင်သော ၀ိှုက်ကတ်များကို အပ်နှံမှုစတင်

ရခိုင်ပြည်နယ်အတွင်း တရားမဝင်သော ၀ိှုက်ကတ်များကို အပ်နှံမှုစတင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား ဟုတ်/ မဟုတ် သေချာမစိစစ်နိုင်သူများအား ထုတ်ပေးသည့် ၀ိှုက်ကတ် (white card) ခေါ် ယာယီသက်သေခံလက်မှတ် သက်တမ်းမှာ မတ်လ ၃၁ ရက်နေ့က ကုန်ဆုံးသွားခဲ့ပြီး ယင်းဝှိုက်ကတ်များ ဧပြီလ ၁ ရက်နေ့မှ စတင်၍ တရားမဝင်တော့ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောသည်။

“၀ိူက်ကတ် သက်တမ်းက မတ်လ ၃၁ ရက်နေ့မှာ ကုန်ပါတယ်။ အဲဒီကတ်တွေဟာ ဧပြီလ တစ်ရက်နေ့က စပြီး တရားမဝင်တော့ပါဘူး။ ဒါကြောင့် ၀ိှုက်ကတ်တွေကို ပြန်အပ်ဖို့ ကျွန်တော်တို့ နိုးဆော်မှုတွေ ပြုလုပ်နေပါတယ်။ ဧပြီလနဲ့ မေလ (၂) လအတွင်း အပ်နှံဖို့ သတ်မှတ်ထားပါတယ်” ဟု ဦးခင်စိုးက ဆိုသည်။

၀ိှုက်ကတ် ပြန်အပ်သူများအနေဖြင့် ဇွန်လ ၁ ရက်နေ့ကစပြီး နိုင်ငံသား လျှောက်ထားနိုင်ပြီး စိစစ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

“၀ိှုက်ကတ် ပြန််အပ်သူတွေကို သက်ဆိုင်ရာက ၀ိှုက်ကတ်မှာပါတဲ့ နံပတ်နဲ့အတူ စာရွက်တစ်ရွက် ထုတ်ပေးပါမယ်။ အဲဒီ စာရွက် မိတ္တူနှင့်အတူ နိုင်ငံသား လျှောက်ထားနိုင်ကြပါတယ်။ ဇွန်လ ၁ ရက်နေ့က စမှာပါ” ဟု သူက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ၀ိှုက်ကတ်များကို နေရာ ရ၁ ခုတွင် အဖွဲ့ ၃၆ ဖွဲ့မှ လက်ခံသွားမည်ဟု ဆိုသည်။ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် မာန်အောင်မြို့နယ်များမှအပ ကျန်မြို့နယ်များတွင် လက်ခံစခန်းများ ထားရှိကာ ၀ိှုက်ကတ်များကို လက်ခံ သွားမည်ဟု ပြည်နယ် လဝကမှူးက ဆက်လက် ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ် အနှံ့အပြားတွင် ၀ိှုက်ကတ်များကို လက်ခံခဲ့ရာ မောင်တောခရိုင်တွင် ၉၁၆ ဦး လာရောက်အပ်နှံခဲ့သည်ဟု မောင်တောခရိုင် လဝကမှူး ဦးစိုးနိုင်က ပြောသည်။

“ဧပြီလ ၁ ရက်နေ့မှာ လာအပ်တဲ့သူ အရေအတွက်က တောင်ပြိုမြို့နယ်ခွဲမှာ ၄၈၉ ယောက်၊ မောင်တောမြို့မှာ ၃၁၅ ယောက်နဲ့ ဘူးသီးတောင်မြို့မှာ ၁၁၂ ယောက်တို့ ဖြစ်ကြပါတယ်။ စုစုပေါင်း ၉၁၆ ယောက် ဖြစ်ပါတယ်။ အခုစာရင်းက မြို့ပေါ်က စာရင်းတွေပါ။ နယ်တွေက စာရင်းတွေကိုတော့ ချက်ချင်း မသိရှိနိုင်သေးပါ”ဟု ပြောသည်။

အများစုမှာ လာအပ်ကြလိမ့်မည် ဖြစ်ကြောင်း၊ ၀ိှုက်ကတ်မှာ တရားမဝင်တော့သဖြင့် ကိုင်ဆောင်ထား၍လည်း အကျိုးရှိတော့မည် မဟုတ်ကြောင်း၊ သို့အတွက် နိုင်ငံတော်က ထုတ်ပြန်ထားသော  ဥပဒေကို လိုက်နာကြရန် လိုကြောင်း ဦးစိုးနိုင်က ပြောဆိုသည်။

မောင်တောခရိုင်တွင်သာမက စစ်တွေခရိုင်တွင် လာအပ်သူများရှိကြောင်း၊ သို့သော်လည်း အရေအတွက်မှာ အလွန်နည်းပါးနေကြောင်း၊ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ၀ိှုက်ကတ်ကိုင်ဆောင်သူများက သံသယဝင်နေ၍ ဖြစ်ကြောင်း ဘုမေ မွတ်ဆလင်ရွာမှ ဦးအောင်ဝင်းက ပြောသည်။

“ကျွန်တော်တို့က ၀ိှုက်ကတ် ပြန်အပ်ရမှာကို ဆန့်ကျင်တာ မဟုတ်ပါ။ ပြန်အပ်တဲ့ အပိုင်းမှာ သံသယ ၀င်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၀ိှုက်ကတ်တွေကို မြို့နယ် လဝက ဦးစီးမှူးတွေက လက်မှတ်ရေးထိုး ထုတ်ပေးခဲ့တယ်။ ပြန်အပ်တဲ့အခါမှာလည်း သူတို့ကပဲ လက်မှတ်ရေးထိုးပြီး လက်ခံစေချင်တယ်။ အခုက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လက်ခံပြီး သူတို့ကပဲ လက်ခံရရှိကြောင်း စာထုတ်ပေးတဲ့အတွက် အဲဒီအပေါ်မှာ သံသယ ၀င်နေကြရတာပါ” ဟု ဆိုသည်။

သို့အတွက် ၀ိှုက်ကတ်ကိုင်ဆောင်သူများ သံသယ ပြေပျောက်သွားစေရန် ၀ိှုက်ကတ်များ ပြန်လည် အပ်နှံရာတွင် ပွင့်လင်း မြင်သာ မှုနှင့်အတူ စစ်မှန်သော ဂတိကဝတ်များ၊ အာမခံချက်များ လိုအပ်နေကြောင်း ဦးအောင်ဝင်းက ထောက်ပြ ပြောဆိုသည်။

ယာယီသက်သေခံ လက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့်ရက်ကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက် သတ်မှတ်ခဲ့ကြောင်း၊ မေ ၃၁ ရက်တွင် နောက်ဆုံးထားအပ်နှံရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာ တစ်နိုင်ငံလုးံတွင် ၀ိှုက်ကတ်ကိုင်ဆောင်ထားသူ ဦးရေသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အထိ စုစုပေါင်း ၅၉၀,၀၁၆ ဦး ရှိသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...