မွန်တော်လှန်ရေးနိဒါန်း

မွန်တော်လှန်ရေးနိဒါန်း
by -
မွန်သတင်းအေဂျင်စီ
မွန်တပ်ဖွဲ့များ(photo: MNA)
မွန်တပ်ဖွဲ့များ(photo: MNA)
သြဂုတ် ၃၊ မင်းထက်အောင် ဒုတိကမ္ဘာစစ်အပြီးတွင် မွန်တို့၏ အမျုုိးဘာသာ သာသနာနှင့် စာပေယဉ်ကျေးမှုပြန်လည်ထွန်းကားရေးကို အခြေခံသည့် “ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း” နှင့် နိုင်ငံရေးကို အခြေခံသော “မွန်တိုင်းရင်းသား အစည်အရုံး” ဟူ၍ မွန်အသင်းအဖွဲ့ကြီးနှစ်ဖွဲ့ ရှိပါသည်။ “ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း”သည် မွန်သံဃာတော်တို့၏ ရာမညနိကာယ်ဂိုဏ်း ပြန်လည်ဖွဲ့စည်းခြင်း၊ မွန်ကျေးရွာများတွင် မွန်စာသင်ကျောင်းများ ဖွင့်လှစ်ခြင်း၊ မွန်ကျေးရွာတိုင်းတွင် လူငယ်နှင့် စာပေယဉ်ကျေးမှုအသင်း ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပါသည်။ “မွန်တိုင်းရင်းသား အစည်အရုံး”သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်အောက်တွင် မူလက ပါဝင်ခဲ့သော်လည်း ပင်လုံစာချုပ်ချုပ်ဆိုရာတွင် မွန်၊ ကရင်နှင့် ရခိုင်ခေါင်းဆောင်များအား ဘေးဖယ်ထားခြင်း၊ အောင်ဆန်း-အက်တလီစာချုပ်အရ ၁၉၄၇ ခုနှစ် ဧပြီလ ရွေးကောက်ပွဲကျင်းပရာတွင် ဖဆပလခေါင်းဆောင်များနှင့် အမတ်နေရာအပေးအယူမတည့်ဖြစ်ခြင်းကြောင့် နောက်ဆုံးတွင် ဖဆပလမှ “မွန်တိုင်းရင်းသား အစည်အရုံး” နုတ်ထွက်လိုက်သည်။ အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU လည်း ဖဆပလမှ နုတ်ထွက်ခဲ့ပါသည်။ “မွန်တိုင်းရင်းသား အစည်အရုံး” သပိတ်မှောက်ထားသည့် ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲကို နိုင်ဘလွင်(ခေါ်) နိုင်ရွှေကျင် အပါအဝင် မွန်ခေါင်းဆောင် (၆) ဦး တသီးပုဂ္ဂလဝင်ရောက်အရွေးခံကြရာ မွန်အားလုံး မဲရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ၁၉၄၇-ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေတွင် မွန်အမျိုးသားများကိုယ်စားပြု အမတ်တစ်ဦးမျှ မပါဝင်ခဲ့ပါ။ ထို့အတူ မွန်၊ ကရင်၊ ရခိုင်တို့ကိုလည်း ပြည်နယ်သတ်မှတ်ပေးခဲ့ခြင်း မရှိသေးပေ။ မွန်တို့၏ တောင်းဆိုချက် (၇) ချက် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဝန်ကြီးချုပ် ဦးနုနှင့် နိုင်ဘလွင်(နိုင်ရွှေကျင်) ပါဝင်သည့် မွန်ခေါင်းဆောင် ၃ ဦးတို့ ဇူလိုင်လကုန်ပိုင်း (၁၉၄၇)တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် အောက်ပါ (၇) ချက်ကို တောင်းဆိုခဲ့ပါသည်။ ၁။ အစိုးရပထမပြန်စာမေးပွဲတွင် မွန်သံဃာတော်များအတွက် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ပြုရန်နှင့် ပထမပြန် ကော်မတီတစ်ခု ဖွဲ့စည်းပေးရန်။ (မှတ်ချက်- အင်္ဂလိပ်အစိုးရလက်ထက်တွင် မွန်ဘာသာသီးသန့် ဖြေဆိုခွင့်ရှိခဲ့ရာမှ ၁၉၄၇ ခုနှစ် ဇွန်လတွင် ဖဆပလဦးဆောင်သည့် တိုင်းပြုပြည်ပြုလွှတ်တော် ပေါ်ပေါက်လာသောအခါ မွန်သံဃာတော်များအား မြန်မာဘာသာဖြင့်သာ စာမေးပွဲဖြေဆိုရမည် ဆိုသည်) ၂။ မွန်နယ်အသီးသီးရှိ မူလတန်းကျောင်းများတွင် မွန်စာပေသင်ကြားခွင့်ပြုရန်နှင့် မွန်ပညာရေးရံပုံငွေ၊ သီးသန့်အုပ်ချူပ်နိုင်သည့် မွန်ပညာရေး ဘုတ်အဖွဲ့တစ်ခု ဖွဲ့စည်းပေးရန်။ ၃။ မွန်များနေထိုင်ကြသော ခရိုင်၊ မြို့နယ်ဒေသများရှိ အစိုးရဌာနအသီးသီးတို့တွင် မွန်အမျိုးသား အစိုးရအမှုထမ်း၊ အရာထမ်းများ ခန့်အပ်နေရာချထားပေးရန်။ ၄။ မွန်အမျိုးသားများအတွက် သီးသန့်မဲစာရင်းပြုလုပ်၍ လွှတ်တော်တွင် လူဦးရေအချိုးကျ သီးသန့် မွန်ကိုယ်စားလှယ်အမတ်များ ထားရှိပေးရန်။ ၅။ မွန်အမတ်များဖြင့် ဖွဲစည်းထားသည့် အာဏာနှင့်ပြည့်စုံသည့် မွန်ရေးရာကောင်စီတစ်ခု ဖွဲ့စည်းပေးရန်။ ၆။ အခြားလူမျိုးများနည်းတူ ဗဟိုအစိုးရလက်အောက်ခံ မွန်အမျိုးသားစစ်တပ် ဖွဲ့စည်းပေးရန်။ ၇။ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းနေကြသည့် မွန်အမျိုးသားများအား လွတ်လပ်စွာ ပြောဆို ရေးသား စည်းရုံးဆန္ဒပြနိုင်ခွင့် ပေးရန်။ ယင်းကဲ့သို့ဝန်ကြီးချုပ်နှင့် တွေ့ဆုံတောင်းဆိုခဲ့စဉ် “မွန်နှင့်မြန်မာ အတူတူပဲမဟုတ်လား၊ ဒါကို အခြားအခွင့်အရေးတွေ တောင်းဆိုဘို့ လိုသေးသလား” ဟု မေးမြန်းပြောဆိုခဲ့သည်။ ထိုနောက် မွန်ခေါင်းဆောင်တို့ တောင်းဆိုချက်အပေါ် ဆက်လက်ညှိနှိုင်းရန် ဖဆပလ ဗဟိုအမှုဆောင်များဖြစ်ကြသည့် ဦးဗဆွေ၊ ဗိုလ်မှူးအောင်၊ ဦးကိုကိုကြီးတို့အား ဝန်ကြီးချုပ်က လွှဲအပ်တာဝန်ပေးအပ်ခဲ့သည်။ ထိုနောက် ဖဆပလအစိုးရထံမှ မွန်သံဃာတော်များအတွက် အစိုးရပဌမစာပြန်ပွဲတွင် မွန်ဘာသာဖြင့် မေခွန်းပုစ္ဆာထုတ်ပေး၍ မွန်ဘာသာဖြင့် ဖြေဆိုခွင့် ပြုသည်။ အစိုးရပဌမပြန်ဘုတ်အဖွဲ့တွင် မွန်ကိုယ်စားလှယ် ပါဝင်ခွင့်ပေးမည်ဟု ကတိပြုခဲ့သည်။ မွန်လူမျိုးအများစုနေထိုင်ရာဒေသရှိ မူလတန်းကျောင်းများတွင် မွန်ကျောင်းသားများအား မွန်ဘာသာသင်ကြားနိုုင်ရန် စီစဉ်ပေးမည်ဟု ကတိပြုသည်။ ပညာရေးနှင့်ပတ်သက်၍ မွန်တို့နှင့် ညှိနှိုင်းဆောင်ရွက်ပါမည်ဟု ကတိပြုခဲ့ပါသည်။ မွန်တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ ရန်ကုန်၊ ပဲခူးမှ မြိတ်ဒေသအထိ ဒေသကိုယ်စားလှယ်များ၊ မွန်အသင်းအဖွဲ့အသီသီးတို့ပါဝင်သည့် “မွန်တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ” ကို မုဒုံမြို့နယ်၊ ဖားအောက်ကျေးရွာ၌ ၁၉၄၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှစတင်၍ ၅ ရက်ကြာကျင်းပခဲ့ပြီး အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြသည်။ (၁) မွန်ပြည်နယ်ကို ဖြစ်သည့်နည်းဖြင့် ဖော်ထုတ်ရန်။(၂) မွန်ပြည်နယ် ဖော်ထုတ်ရေးနည်းလမ်းအသွယ်သွယ်ကို မွန်လူမျိုးရေးရာအဖွဲ့အား အာဏာကုန်အပ်နှင်းရန်။(၃) မွန်အမျိုးသားကာကွယ်ရေးတပ်(Mon National Defence Organization-MNDO) ဖွဲ့စည်းရန်။(၄) မွန်အမျိုးသားအကျိုးစီးပွားထိခိုက်စေသည့် မြေယာသီးစားချထားရေးဥပဒေကို တိုက်ဖျက်ရန်။ မွန်နှင့်ကရင် မဟာမိတ်ဖွဲ့ခြင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောဘဦးကြီး ခေါင်းဆောင်သော ဗဟိုအမှုဆောင်များနှင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်လှမောင် ဦးဆောင်သော ဗဟိုအမှုဆောင်များသည် မွန်နှင့် ကရင်ပြည်နယ် ပေါ်ထွက်လာရေး ပူးတွဲတိုက်ပွဲဝင်ရန် ၁၉၄၈-ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် အင်းစိန်မြို ့၌ညှိနှိုင်းဆွေးနွေးကြပြီး မွန်-ကရင် အဓိဌာန်ပြု ကျေညာစာတမ်းကို နှစ်ဖက်ခေါင်းဆောင်များ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။ ၄င်းအဓိဌာန်ပြုချက် (၄) ချက်မှာ -(၁) မွန်နှင့်ကရင် အမျိုးသားများသည် ဘဝကံတူအကျိုးပေး တူညီကြသည့်အားလျော်စွာ မိမိ၏ကံကြမ္မာကို ဖန်တည်းရာ၌ တဦးကိုတဦး သွေးတူသားတူပမာ အားသွန်၍ရိုင်းပင်းကူညီ ဆောင်ရွက်ကြရန်။(၂) တဦးနှင့်တဦး အကြံုးဝင်လျက်ရှိသော အမျိုးသားအရေးတို့တွင် အေးလျင်အတူ ပူလျင်အမျှ ကူညီဆောင်ရွက်သွားကြရန်။(၃) မိမိတို့၏ကံကြမ္မာကို မိမိတို့ဖန်တီးကြရာ၌၄င်း၊ အမျိုးသားအရေးတွင် လုံးပန်းကြရာ၌၄င်း မွန်နှင့်ကရင်အမျိုးသားတို့မှာ အသက်ကိုပဓာမထားဘဲ ထာဝစဉ်ပူးပေါင်းဆောင်ရွက် သွားကြရန်။(၄) တဦးအကျိုးကို တဦးပျက်စီးစေရန် သွယ်ဝိုက်သောနည်းဖြင့်သော်၄င်း၊ တိုက်ရိုက်နည်းအားဖြင့်သော်၄င်း ဖျက်လိုဖျက်ဆီးမပြုကြရန် လေးနက်စွာအဓိဌာန်ပြုကြပါကြောင်း။ အထက်ပါ အဓိဌာန်ပြုချက် (၄) ချက်ကို ရန်ကုန်မြို့မှ နေစဉ်ထုတ် သတင်းစာ အသီးသီးနှင့် ကရင်အမျိုးသားတို့၏ သုဝဏ္ဏတိုင်း သတင်းစာ၊ မွန်အမျိုးသားတို့၏ တနင်္သာရီတိုင်း သတင်းစာတို့တွင် ထည့်သွင်း ကြေညာခဲ့သည်။ အထက်ပါအဓိဌာန်ပြုချက် ထွက်ပေါ်လာပြီးနောက် မွန်ဒေသကျေးရွာများရှိ ကာကွယ်ရေးလက်နက်များကို အစိုးရပြန်လည်သိမ်းဆည်းသဖြင့် လက်နက်များပြန်မအပ်ရန် သက်ဆိုင်ရာကျေးရွာများကို မွန်လူငယ်များ စည်းရုံးလှုံ့ဆော်သည်။ နောက်ဆုံးတွင် ၁၃၁၀-ခုနှစ်၊ ဝါခေါင် လပြည့်(၁၉၄၈-ခုနှစ်၊ သြဂုတ်လ-၁၉ ရက်) နေ့တွင် ဖားအံမြို့နယ် ဇာသပြင်ရွာမှ စတင်၍ ကျေးရွာကာကွယ်ရေး လက်နက်များကို မွန်လူငယ်တစု စတင်သိမ်းဆည်းရာမှ ရက်အနည်းငယ်အတွင်း လက်နက်ပေါင်း(၂၀၀)ကျော် စုဆောင်းရရှိခဲ့သည်။ ဆက်လက်၍ ဖားအံမြို့နယ်တွင် မွန် MNDO နှင့် ကရင် KNDO တို့ ပူးပေါင်း၍ လက်နက်ပေါင်း (၅၀၀) ကျော် သိမ်းဆည်းရရှိခဲ့သည်။ ထိုနောက် သထုံနှင့် မော်လမြိုင်ခရိုင်ရှိ တို့ကို ဆက်လက်သိမ်းပိုက်လိုက်သည်။ ထိုအချိန်ကာလမှစတင်၍ မွန်တော်လှန်ရေး စတင်ခဲ့ရာ ယခုနှစ်ဝါခေါင်လပြည့် (သြဂုတ် ရ ရက်) နေ့တွင် အကြိမ် ရ၀ မြောက်အခမ်းအနားများ ကျင်းပတော့မည်ဖြစ်ပါသည်။ ကိုးကားချက်များ-မွန်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအတွေ့အကြုံ(နိုင်ပန်းသာ)-ဇာတိမြေမှ ယနေ့တိုင် (နိုင်ငွေသိမ်း)-မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...