အမျိုးသားရေး တာဝန်ထမ်းဆောင်နေရသူ​တွေရဲ့ အမျိုးသမီး၏ဘဝ

အမျိုးသားရေး တာဝန်ထမ်းဆောင်နေရသူ​တွေရဲ့ အမျိုးသမီး၏ဘဝ
by -
ကန္တရဝတီ
သစ်၊ဝါး ဖြင့်ဆောက်လုပ်ထားတဲ့ ဖက်မိုးဆိုင်ခန်းငယ်လေးတစ်ခုအတွင်း ကရင်နီရိုးရာ အဝတ်အထည်များ ချိတ်ဆွဲထားပါတယ်။ အခန်းထောင့်တစ်နေရာလေးက အပ်ချုပ်စက်နားမှာပိတ်စတစ်ခုကိုချုပ်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဟာ စျေးဝယ်လာသူများများကို ပြံုးပြရင်း စကားတွေပြောနေပါတယ်။

သူမကတော့ ငယ်စဉ်ကတည်းက ပြည်တွင်းတိုက်ပွဲတွေကြောင့် နယ်စပ်ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ မော်ငါးမယ်ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ ကရင်နီ အမျိုးသမီး အစည်းအရုံးက အမျိုးသမီးနဲ့ အသက်မွေးဝမ်းကြောင်း ကဏ္ဍမှာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

သူမဟာ ဒုက္ခသည်စခန်းမှာနေပြီး ၂၀၀၀ ခုနှစ်မှာ ကရင်နီတပ်မတော်ရဲ့ ရဲဘော်တစ်ဦးနဲ့ အိမ်ထောင်ကျပြီး အခုဟာဆိုရင် သူမမှာ ကလေး ၃ ဦး ရှိနေပါပြီ။ သူမအနေနဲ့ ရဲဘော်တစ်ဦးကို အိမ်ထောင်ကျပြီး ကလေးကိစ္စ၊ အိမ်မှု ကိစ္စအပြင် ဝင်ငွေရအောင် ဝန်ထမ်းအလုပ်ကိုလည်း လုပ်နေရပါတယ်။

သူမဟာ အမျိုးသားရေးတာဝန်ကိုထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦးရဲ့ အိမ်ရှင်မတစ်ဦးလည်းဖြစ်ပါတယ်။

အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အမျိုးသားက ခရီးအမြဲထွက်ရပါတယ်။ ခရီးတစ်ခါထွက်ရင် အနည်းဆုံး (၆)လကြာတဲ့အတွက်ကြောင့် သူမတစ်ယောက်တည်း သူမရဲ့သားသမီးတွေနှင့်အတူ အိမ်မှာကျန်ရစ်ခဲ့ရပါတယ်။

သူမဘဝမှာ အခက်အခဲပေါင်းများစွာနဲ့ အတွေ့အကြံုတွေကြားထဲ ဇွဲမလျော့ပဲ သားသမီးတွေရဲ့ စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် ရုန်းကန်လှုပ်ရှားရင်း ကျွေးမွေးပြုစုနေရတဲ့ မိခင်တစ်ဦးလည်း ဖြစ်တယ်။ အမျိုးသားကရှေ့တန်းထွက်တဲ့အချိန် ကျန်ခဲ့တဲ့အခါ ကြံုတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲများကို ပြော ပြသွားခဲ့ပါတယ်။

“အမျိုးသားတွေရှေ့တန်းထွက်နေတဲ့အချိန် ကျန်ခဲ့တဲ့အခါ အခက်အခဲအမျိုးမျိုးရှိတယ်။ သားသမီးက နှစ်ယောက်သုံးယောက်ရှိတယ်ဆိုတော့ စားဝတ်နေရေးလည်းအခက်အခဲရှိတယ်။ နေရာထိုင်ခင်းအခက် အခဲရှိတယ်။ အိမ်မှာ ကလေးတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့တစ်ယောက်ထဲပဲ” လို့ မော်ငါးမယ် မှ သူမရဲ့ အခက်အခဲတွေကို အခုလိုပြောပြသွားခဲ့ပါတယ်။

သူမလိုပဲ အခြားသောရဲဘော်တွေရဲ့ အိမ်ရှင်မတွေကလည်း ဒီလိုခက်ခဲတဲ့ ဘဝမှာ အားမလျော့ပဲ ရုန်းကန်နေကြရတာတွေ အများကြီးပါပဲ။ သူမတို့မှာ မိသားစုအတွက်လည်းစိုးရိမ်ပူပန်ရ၊ ရှေ့တန်း ထွက်နေတဲ့အမျိုးသားအတွက်လည်း စိတ်မချ စိုးရိမ်ပူပန်စိတ်ပေါင်းများစွားနှင့် ရှင်သန်နေရပါတယ်။

KNPP မှ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်မှ “ကျတော်တို့ကတော့ မိသားစုဝင်တွေကို တိုက်ရိုက် ထောက်ပံ့ကြေး အနေနဲ့ထောက်ပံ့ပေးတာတော့မရှိဘူး ဒါပေမဲ့ ဒီမိသားစုဝင် တွေရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ရဲဘော်အမျိုးသမီးတွေရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အစီအစဉ် ဖြစ်တဲ့ သွားရမဲ့ဆေးရုံးအနေအထားပေါ် မူတည်ပြီးမှ သတ်မှတ်ပြီး ထုတ်ပေးတဲ့ နုန်းတွေတော့ရှိပါတယ်” ဟုပြောပြခဲ့ပါတယ်။

KNPP ရဲဘော်မိသားစုအပေါ်မှာ အရေးပေါ်လိုအပ်တာတွေ တောင်းဆိုလာပါက ဌာနဆိုင်ရာအလိုက် သူ့လူကြီးနှင့်သူ ကူညီပေးတာမျိုးတို့ လုပ်ပေးပါတယ်လို့လည်း သိရပါတယ်။

ရဲဘော်ဇနီးများဖြစ်တဲ့ သူမတို့ဟာ တိုက်ပွဲတွေကြားထဲမှာလည်း ရက်ပေါင်းများစွာ အခက်အခဲ မြှောက်များစွာနဲ့ တောထဲမှာ ထွက်ပြေး တိန်းရှောင်ပြီး ရှင်သန်နေခဲ့ကြရပါတယ်။
အသက် (၂၆)နှစ်ရှိသူမော်ညားမာကလည်း သူမှ အိမ်ထောင်ကျတာ (၁၅)နှစ်ရှိပြီဖြစ်ပြီး ယခုဆိုရင် သားသမီး (၃) ယောက်ရှိပါပြီ။ သူမကလည်း ဘဝမှာ ဖြတ်သန်းလာခဲ့ရတဲ့ စစ်ပွဲတွေကြားပြေးလွှားခဲ့ ရတာတွေကို အခုလိုပြောပြသွားခဲ့ပါတယ်။

“တော်လှန်ရေးကာလမှာ တွေ့ကြံုရတဲ့အခက်အခဲတွေအများကြီးပဲ ရွာမှာနေတုန်းက စစ်ခနခနဖြစ်တော့ ရွာမှာမနေရဘူး။ တောမှာပဲသွားနေရတယ် ရွာထဲမှာတစ်ပတ်နှစ်ပတ်အတွင်းမှာ ဆန်ထောင်းပြီးစုထားရ တယ်။ သေနတ်သံကြားရင် ရိက္ခာယူပြီးတော့တောထဲမှာသွားနေရတယ်” လို့ မော်ညားမာက ပြောပြသွားခဲ့ပါ တယ်။

စစ်ပွဲကာလမှာ နေစရာနေရာမရှိ၊ စားစရာမရှိနှင့် တိတ်တိတ်လေးတောထဲမှာနေပြီးတော့ ခက်ခက်ခဲခဲနဲ့ နေရခဲ့ပါတယ်။

“တောထဲမှာသွားနေတဲ့အချိန်ဆို အသံမထွက်ရဘူး တိတ်တိတ်လေးပဲနေရတယ်။ ထမင်းချက်မယ်ဆိုလည်း ညမှချက်ရတယ် မိုးကာနဲ့အုပ်ပြီးတော့။ တခါတလေလည်း တစ်ရက်နှစ်ရက် ထမင်းမစားရဘူး။ ဖျားနာတဲ့အချိန်ဆို မက်ခါသီးလိုမျိုးအသီးတွေ သောက်ကြရတယ်” လို့ မော်ငါးမယ်က သူမရဲ့ အတွေ့အကြံု ကိုပြောပြပေးသွားခဲ့ပါတယ်။

ရဲဘော်တစ်ဦးအနေနဲ့လည်း သူရဲ့အမျိုးသမီးကို အိမ်မှာချန်ထားခဲ့ချိန်မှာ သူမတို့ရဲ့ အခက်အခဲကိုလည်း အခုလိုပြောသွားပါတယ်။ “ ကျနာ်သွားတဲ့အချိန်မှာတော့ အခက်အခဲရှိရင်ရှိမယ် ဒါပေမဲ့လည်း ကျနော် တို့တာဝန်လည်းရှိတယ်ဆိုတော့ ဘာမှ လုပ်လို့မရဘူးလေ။ ထားခဲ့ရတာ သိပ်တော့အဆင်မပြေဘူးဖြစ် တယ်” လို့ပြောခဲ့ပါတယ်။

ယခုလက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သတ်ပြီးတော့ မော်ညားမာက အခုလိုပြောပြပေးသွားခဲ့ပါတယ်။

“အစိုးရကိုတော့ယုံကြည်လို့မရဘူးထင်တယ် ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အရင်အရင်တွေမှာလည်း ကြံုဖူးပြီလေနော် စည်းရုံးပြီးတော့ တစ်လနှစ်လနဲ့ စစ်ပြန်ဖြစ်တာ တစ်ခါနှစ်ခါကြံုပြီးပြီဆိုတော့ အခုကမယုံတော့ဘူး ဘယ်လောက်ပဲ ငြိမ်းချမ်းရေးရှိပါစေ မယုံတော့ဘူး” လို့ ပြောပြသွားခဲ့ပါတယ်။

အမျိုးသမီးအစည်းအရုံးမှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မော်ဘဲမယ် အသက် (၅၇) နှစ် ကလည်း ယခုငြိမ်းချမ်းရေးဖြစ်စဉ်မှ သူမ၏ အမြင်က “တကယ်လို့ ငြိမ်းချမ်းရေးစကားပြောမယ် ပင်လုံညီလာခံ လုပ်မယ်ဟေ့ဆိုရင် အားလုံးက နိုင်ငံထဲမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်က အားလုံးတော့ပါဝင်ရမယ်။ နောက် ပြီးတော့ မပစ်မခတ်ရဘူးပေါ့ အခုဟာက ပစ်ခတ်တဲ့ဟာလည်းခတ်တယ် မပါပေးတဲ့ဟာလည်းပါတယ် အဲ့ဒါကို သူတို့က ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးပြောနေကြတယ် အဲ့ဒါကတော့ အခုလုပ်နေတဲ့ ပင်လုံပေါ့ အဆိုးဆုံးပေါ့ အဲ့ဒါ ဘယ်လိုယုံရမလဲ မသိဘူး” လို့ ခုလိုပြောပြသွားခဲ့ပါတယ်။

ရဲဘော်ရဲ့ အမျိုးသမီးများဟာ မြန်မာပြည်ပြန်မယ်ဆိုရင်လည်း အခက်အခဲတွေရှိပြီး ထိုင်းမှာ နေပြန်ရင်လည်း အဆင်မပြေတဲ့အပြင် တတိယနိုင်ငံသွားချင်ပါပေမယ့် အမျိုးသားက UN မရှိတဲ့အတွက် မိသားစုကို ခွဲပြီး မသွားချင်ကြပါဘူး။

ရဲဘော်တွေရဲ့ အမျိုးသမီးတွေဟာ သူမတို့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက မိသားစုစုံစုံလင်လင်နဲ့ ငြိမ်းချမ်းသာ ယာသောမိသားစုအဖြစ်နဲ့ နေချင်ကြပါတယ်။ “ကျမအဖြစ်ချင်ဆုံးက မိသားစုနဲ့စည်းစည်းလုံးလုံးနေမယ် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေမယ် တစ် ယောက်အပေါ် တစ်ယောက် နားလည်မှုနဲ့ ဘယ်ပဲသွားသွားတူတူသွားမယ် ဘာပဲစားစာတူတူစားမယ် အဲ့လိုမျိုး မရှိအတူ ရှိအတူ အတူတူစားမယ် ဥပမာ တစ်ယောက်နေမကောင်းဖြစ်ရင်လည်း တစ်ယောက်က ဝိုင်းဝန်းပြီးကြည့် အဲ့ဒါက ကျမ အဖြစ်ချင်ဆုံးဆန္ဒ” လို မော်ညားမာမှ သူမရဲ့ အဖြစ်ချင်ဆုံးဆန္ဒကိုပြောပြ သွားခဲ့ပါတယ်။

ရဲ့ဘော်တွေရဲ့ အမျိုးသမီးများဟာ သူမတို့ မိသားစုနဲ့ စည်းလုံးစွာနဲ့ အတူတကွနေထိုင်သွားကြချင်တာက သူမတို့ရဲ့အိမ်မက် မျှော်လင့်ချက်ပဲဖြစ်ပါတယ်။

မော်ဘဲမယ်က “ ကျမရဲ့ မျော်လင့်ချက်ကျတော့ လာမဲ့အနာဂတ်လာမဲ့သားသမီးတွေ အခုကျမတို့ ရင်ဆိုင်နေရတဲ့စနစ်တွေဒီအနေအထားတွေ သူတို့ကိုမရင်ဆိုင်စေချင်ဘူး ပြောင်းလဲသွားတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ရရှိဖို့ ရှေ့ဆက်မှာ သူတို့ကို ရင်ဆိုင်စေချင်တယ်အခုလက်ရှိဒီစနစ်ဆိုးတွေ အားလုံးပြောင်းပ လိုက်ချင်တယ်” လို့ သူမရဲ့ မျှော်လင့်ချက်ကို ခုလိုပြောပြခဲ့ပါတယ်။

“အခုချိန် အားလုံးရဲ့ လိုချင်ဆုံးအလိုအပ်ဆုံးအရာကိုပြောပါဆိုရင် တိုင်းပြည်ငြိမ်းချမ်းသာယာပြီး အေးချမ်း စွာအသက်ဆက်လက်ရှင်နေကြသည်မှာ ကမ္ဘာပေါ်ရှိလူသားတိုင်းရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။”

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...