မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည် များ ဂျပန်နိုင်ငံ ခိုလှုံခွင့်လျှောက်နိုင် ပြီ

မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည် များ ဂျပန်နိုင်ငံ ခိုလှုံခွင့်လျှောက်နိုင် ပြီ
by -
ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတို့တွင် ဂျပန်နိုင်ငံသို့ သွားရောက် အခြေချလိုသူများ ရှိပါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထား သည့် လက်မှတ်ရှိထားသူ မည်သူမဆို လျှောက်ခွင့်ပြု လိုက်ပြီဟု သိရသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ယင်းဒုက္ခသည်စခန်း(၂)ခုရှိ စခန်းရုံး အပါအဝင် ရပ်ကွက်ကြော်ငြာ သင်ပုန်းများ တွင် UNHCR က ဂျပန်နိုင်ငံသို့ လျှောက်တင်နိုင်သည့် စာများကို သွားရောက်အသိပေး ကပ်ထားခြင်းဖြစ် သည်။

မယ်ရာမိုဒုက္ခသည်စခန်း၏ ဒုဥက္ကဌ စောပွယ်က “စာလာကပ်ထားတာကတော့ ယခင်(မတ်)လတုန်းကပဲ။ ဂျပန်နိုင်ငံ တင်ချင်သူ တွေ တင်လို့ရတဲ့စာပေါ့။ လောလောဆယ် အကန့်အသတ်မရှိ တင်လို့ရတယ်။ ဒါပေမယ့် တင်တဲ့သူတွေကို ဘယ်လိုပုံစံနဲ့ ရွေးချယ်သွားမလဲဆိုတော့ ဒီလ ၂၉ရက်နေ့ကျရင် သိရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဂျပန်အစိုးရတာဝန်ရှိသူများသည် ယခု ဧပြီလ ၂၉ရက်နေ့မှ ၃၀ရက်နေ့အထိ နှစ်ရက်ကြာ မယ်ရာမိုစခန်းသို့ ရောက်ရှိလာရန် ရှိပြီး ယင်းသို့ ရောက်ရှိလာပါက စခန်းတာဝန်ရှိသူများ အပါအဝင် စခန်းတွင်းရှိ ဒုက္ခသည်များကို တွေ့ဆုံသွားမည်ဖြစ်သလို ဂျပန်နိုင်ငံ၏ ပြန်လည်နေရာချထားရေးကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်သည်ဟု စောပွယ်က ဆက်ပြောသည်။

ထို့အပြင် ဂျပန်အစိုးရတာဝန်ရှိသူများသည် မယ်ရာမိုသို့ သွားရောက်ပြီးနောက် မယ်လအူးဒုက္ခသည်စခန်းသို့ ဆက်လက်၍ သွားရောက်ဦးမည်ဟု သိရသည်။

ဂျပန်နိုင်ငံ လျှောက်ထားသူ မယ်လအူးစခန်းမှ အိမ်ထောင်သည် အမျိုးသားတစ်ဦးက “အခု ကျနော်တို့ မိသားစု ဂျပန်ကို တင်ထားတယ်။ ဂျပန်က အာရှနိုင်ငံကပဲဆိုတော့ ပိုအဆင်ပြေမယ်လို့ ထင်လို့ တင်တာပါ။ သွားတင်တုန်းက ဘယ်သူမဆို အကုန်တင်လို့ ရတယ်လို့ ပြောတာပဲ။ အဆင်ပြေ မပြေတော့ စောင့်ကြည့်ရ မှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ်မှစ၍ ဂျပန်အစိုးရသည် မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လူဦးရေ အကန့် အသတ်ဖြင့် သုံးနှစ်စီမံ ကိန်း စတင် ခေါ်ယူခဲ့ရာ ထိုမှတဆင့် အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည် များကို ဆက်လက် ခေါ်ယူကာ ယခုနှစ်တွင် မယ်ရာမိုနှင့် မယ်လအူးစခန်းများအထိ အလှည့်ကျစီမံကိန်း စနစ်ဖြင့် လုပ်ဆောင်လာခြင်းဖြစ်သည်။