ရန်ကုန်တွင် အမျိုးသမီးများ ကွန်ယက် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်တွင် အမျိုးသမီးများ ကွန်ယက် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
by -
ကေအိုင်စီ

ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပဋိပက္ခများဖြေရှင်းရန်အတွက် မြန်မာနိုင်ငံရှိ အမျိုးသမီးများကွန်ယက် အဖွဲ့များက အမျိုးသမီးများ၏ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီလ ၃၀မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ရန်ကုန်မြို့ရှိ Central Hotel တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများအနေဖြင့် အမျိုး သားများနည်းတူ ရင်ဘောင်တန်းပြီး ပါ၀င်ဦးဆောင်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းဆွေးနွေး ပွဲကို တက်ရောက်ခဲ့သူ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့-KWAG မှ စီမံခန့်ခွဲရေး ဒါရိုက်တာ နော်စူ စဲန်နာလှလှစိုးက ကေအိုင်စီသို့ ပြောသည်။

“ကျမတို့ ဖြစ်စေချင်တာက အပစ်အခတ်ရပ်စဲရေးကနေ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် အမျိုး သားတွေလိုပဲ အမျိုးသမီးတွေရဲ့အခန်းဏ္ဍလည်း ပါ၀င်ရပါမယ်။ အမျိုးသမီးတွေရဲ့အသံ၊ ခံစားချက်နဲ့ ဦးဆောင် မှုပါမှ အောင်မြင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။

ယင်းဆွေးနွေးပွဲကို Women Organization Network of Myanmar(WON) Initiatives For International Dialougue (IID)နှင့်အတူ Oxfam Foundation တို့ ဦးဆောင်ကျင်းပခဲ့ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စသည့် အမျိုးသမီးများကွန်ယက်မှ အဖွဲ့ပေါင်း ၃၀ မှ ကိုယ်စားလှယ် ၄၀ကျော် တက်ရောက်ခဲ့ကြသည်။

ထို့အပြင် အစည်းအဝေးတက်ရောက်သည့် အမျိုးသမီးကိုယ်စားလှယ်များသည် ကချင်ပဋိပက္ခဖြေရှင်းရေး အပါအဝင် စီးပွားရေး၊ အမျိုးသမီးများအကြမ်းဖက်မှုနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ကရင်ပြည်နယ်ရှိ Karen Affair Committee KAC – ကရင်ရေးရာကော်မတီ မှ နော်ယုဇနဝါက “အခု ဒီအလုပ်ရုံဆွေးနွေးပွဲမှာ နောက်နောင် တိုင်းရင်းသူအမျိုးသမီးများကွန်ယက်ပုံစံနဲ့ လုပ် သွားချင်တယ်။ နောက်ပြီး ကချင်ကိစ္စအပေါ်မှာ အမျိုးသမီးကွန်ယက်အနေနဲ့ တစ်ခုခုလုပ်ဖို့ သင့်တယ်လို့ မြင် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သုံးရက်ကြာသည့် ၎င်းဆွေးနွေးတွင် ပြုလုပ်ကျင်းပပြီးနောက် တိုင်းရင်းသားများနှင့် သက်ဆိုင်သော ကချင် အရေး၊ ရခိုင်အရေးကိစ္စများအပြင် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် အမျိုးသမီးများအနေဖြင့် ပိုမိုပါ၀င် နိုင်ရေးစသည့် အချက်သုံးချက်ကို သဘောတူဆုံးဖြတ်ချက် ချနိုင်ခဲ့ကြပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် ရှိသည်ဟုလည်း သိရသည်။

ယခု ပထမဆုံးအကြိမ်ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများကွန်ယက် အဖွဲ့များ အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုပါ ၀င်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆွေးနွေးပွဲတက်ရောက်သည့် အမျိုးသမီးကိုယ်စားလှယ်များက ပြောဆိုနေကြသည်။