BGF တပ်ဖွဲ့ဝင် ၃၀ဦး ဒီကေဘီအေနှင့် ပူးပေါင်း

BGF တပ်ဖွဲ့ဝင် ၃၀ဦး ဒီကေဘီအေနှင့် ပူးပေါင်း
by -
စောသိန်းမြင့်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ နယ်ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၃၀ဦးသည် ထိုဒေသတဝိုက်တွင် လှုပ်ရှားနေ သည့်ဗိုလ်မှူး စောဘိ ဦးစီးသော DKBA တပ်ဖွဲ့များထံသို့ ယနေ့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၇)က ပြော သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ဒီနေ့မနက်မှာ ဗိုလ်ဘိဆီကို BGFတပ်ဖွဲ့ဝင် အယောက် ၃၀ မြိုင်ကြီးငူကနေ ဗိုလ်ဘိဆီ ပြန်လာတယ်လို့ သိရတယ်။ လက်နက်အလက် ၃၀ပါတယ်။ လက်နက်အမျိုးအစား တော့ မသိသေးဘူး။ ဗိုလ်စိုးနိုင် လူ ၁၅ယောက်နဲ့ ကျန်တဲ့လူတွေက ဗိုလ်မောင်ချစ်ရဲ့ လူတွေဖြစ်တယ်။”ဟု အတည်ပြု ပြော ကြားသည်။

ဗိုလ်မှူးစိုးနိုင်သည် နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး ဗိုလ်မှူးမောင်ချစ်ကမူ နယ်ခြားစောင့်တပ် (၁၀၁၄)တပ်ရင်း၏ တပ်ရင်းမှူးဖြစ်သည်။

ယင်းသို့ ပြန်လာပူးပေါင်းသူများမှာ အစိုးရစစ်တပ်၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် ဆက်လက်၍ တာဝန် ထမ်းဆောင်လိုစိတ် မရှိသောကြောင့် ယခုလို ဒီကေဘီအေတပ်ဖွဲ့နှင့် ပြန်လာပူးပေါင်းခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။

အင်အား ၁,၀၀၀ကျော်ရှိ ဗိုလ်မှူးစောဘိ ဦးစီးသည့် DKBA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လကနယ်ခြား စောင့်တပ်မှ ခွဲထွက် ကာ ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်ပြီးကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့နှင့် ပူးပေါင်း၍ အစိုးရကို ပြန်လည်ခုခံတော်လှန်ပြီး ယခုအချိန်တွင် KNU တပ်မဟာ(၁)နှင့် (၅)၊ (၇)တွင် လှုပ်ရှားလျှက်ရှိသည်။

Most read this week