ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ဆရာဖြစ်အတတ်သင် ဆရာ/မကျောင်း ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးက ပြောပါတယ်။
"ကျနော်တို့သမ္မတကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ ပြည်ထောင်စုအစိုးရ ဝန်ကြီးများ တွေ့ဆုံတဲ့အခါမှာ ကယားပြည်နယ်အတွက် ဆရာအတတ်သင်ကျောင်း တကျောင်း ဖွင့်လှစ်ပေးဖို့ အတွက် ခွင့်ပြုခဲ့ပါတယ်"
ဇွန်လ ၂၉ ရက်နေ့က ဒီးမော့ဆိုမြို့ အ.ထ.က ကျောင်း၌ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပစဉ် က ပြောဆို သွားတာဖြစ်ပါတယ်။
ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်တာနဲ့အမျှ ကျောင်းဆရာ/မ တွေလည်းလိုအပ်လာသလို နေရာတိုင်း ကျေးရွာတွေမှာလည်း ဆရာ/မတွေ လုံလောက်စွာရှိဖို့အတွက် ဒေသခံတွေကို ဦးစားပေးခန့်ထားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ကြီးက "ဆယ်တန်းအောင်တဲ့ကလေးတွေ ကျောင်းဆရာ/မ လုပ်မည့်ကလေးတွေ တောင်ကြီးသွား တက်စရာမလိုဘူး၊ စစ်ကိုင်းသွားတက်စရာမလိုဘူး၊ မန္တလေးသွားတက်စရာမလိုဘူး၊ရန်ကုန်သွားတက်စရာ မလိုဘူး လွိုင်ကော်မှာတင် ကျနော်တို့ ဆရာဖြစ်သင်တန်းပေးမယ်၊ ဆရာဖြစ်သင်အောင်လက်မှတ် ကျနော်တို့ပေးမယ်။ ကျနော်တိုက ကလေးတွေအတွက် ကျနော်တို့လေ့ကျင့်ပေးမယ်" လို့ ပြောပါတယ်။
ဆရာအတတ်သင်ကျောင်းအနေဖြင့် ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် စပြီးဖွင့်လှစ်ခွင့် ရရှိမှာဖြစ်ပြီး မူလတန်းဆရာဖြစ်အတတ်သင်မှ စတင်ကာ တဖြည်းဖြည်းနှင့် အထက်တန်းဆရာ အတတ်သင်ကျောင်း ဖွင့်လှစ်နိုင်တဲ့အထိ စီစဉ်ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဆရာဖြစ်အတတ်သင်ကျောင်းကို မြေဧက ၄၀၊ ၅၀ ခန့်ရှိတဲ့ လွိုင်ကော်မြို့နယ် လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးတွင် တည်ဆောက်ဖို့ လျာထားကြောင်း သိရပါတယ်။



