ကရင်နီအမျိုးသားနေ့ပွဲတော်ကို ပြည်တွင်း၌ စတင်ကျင်းပနိုင်ရန် ပြင်ဆင်ထားသော်လည်း ယနေ့ ကျရောက်တဲ့ ၁၃၇ကြိမ်မြောက်နေ့ပွဲတော် အခမ်းအနားကိုတော့ ကျင်းပနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ကရင်နီအမျိုးသားနေ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကရင်နီပြည်တွင်းမှာ လူထုများသိရှိနားလည် စေရန်ပွဲတော် အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP အဖွဲ့ခေါင်းဆောင်တွေက ဦးဆောင်ကျင်းပဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။
သို့ပေမဲ့ ယနေ့အထိ KNPP မှ အစိုးရနဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးရုံး မရှိသေး၍ ၎င်းအမျိုးသားနေ့ကို မပြုလုပ်နိုင်သေးကြောင်း ၊ နေရာများရှာဖွေနေဆဲ ဖြစ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP ပါတီဗဟိုကော်မတီဝင် ခူးဒယ်နီယာက ပြောပါတယ်။
“အရင်တုန်းက ဆွေးနွေးထားတာက ရုံးရှိမယ်ဆိုရင် အမျိုးသားနေ့ လုပ်မလို့ပဲလေ။ အခုဟာက ရုံးမရှိသေးတော့ အမျိုးသားနေ့လုပ်ဖို့ မရှိသေးဘူး” လို့ ပြောပါတယ်။
ကရင်နီပြည်တွင်းမှာ ကရင်နီအမျိုးသားနေ့ ကျင်းပပြုလုပ်ဖို့ အခက်အခဲတွေရှိပေမယ့် ထိုင်းနယ်စပ်မှာ နေထိုင်တဲ့ ကရင်နီ ဒုက္ခသည်စခန်း တွေမှာတော့ ဇွန်လ ၂၁ ရက်နေ့ရောက်တိုင်း ကရင်နီအမျိုးသားနေ့ကို ကျင်းပပြုလုပ်လေ့ ရှိပါတယ်။
ထို့အတူ ကရင်နီ မျိုးနွယ်စုတွေ ရောက်ရှိနေတဲ့ အမေရိကန်၊ ဖင်လန်နဲ့ သြစတျေးလျ စတဲ့ နိုင်ငံတွေမှာလည်း အစဉ်အမြဲ သတိရအောက်မေ့နေလျက်ရှိကြတဲ့ အထိမ်းအမှတ်အနေနဲ့ ကရင်နီအမျိုးသားနေ့ ပွဲတော်ကို ကျင်းပကြပါတယ်။
ပြည်တွင်းမှာတော့ ယနေ့အချိန်အထိ လူထုအများစုဟာ ၁၈၇၅ခုနှစ် ဇွန်လ ၂၁ ရက်နေ့ အင်္ဂလိပ်အစိုးရနဲ့ ဗမာဘုရင်တို့ကနေ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တယ်ဆိုတာကို တရားဝင် အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့တဲ့နေ့ကို ကရင်နီအမျိုးသားနေ့လို့ သတ်မှတ်ထားခြင်း ဖြစ်တယ် ဆိုတာ မသိကြသေးပါဘူး။
ဒါကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ပါတီဗဟိုကော်မီတီကနေပြီး ၁၉၈၆ခုနှစ်မှာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇွန်လ (၂၁)ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားကြပါတယ်။
ယခုချိန်ထိ ထိုင်း၊ မြန်မာနိုင်ငံနယ်စပ်က ကရင်နီဒုက္ခသည်စခန်းနဲ့ ပြည်ပရောက် ကရင်နီတိုင်းရင်းသား မျိုးနွယ်စုတွေက နှစ်စဉ်နှစ်တိုင်း ကျင်းပလာကြပြီး ပြည်တွင်း၌ ပြုလုပ်နိုင်ရန် KNPP အဖွဲ့ခေါင်းဆောင်တွေက ကြိုးစားနေဆဲဘဲ ဖြစ်ပါတယ်။



