ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ တတိယပတ်အထိ ၁၆ နှစ်အောက် ကလေး ၆ ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများထဲတွင် ၁၀ နှစ်အောက် ကလေးငယ် နှစ်ဦး ပါဝင်ပြီး မော်ချီးဒေသမှ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ဒီးမော့ဆို အနောက်ခြမ်းမှ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်သည်။
စစ်အုပ်စုတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ စုဝေးနေထိုင်ရာ နေရာများနှင့် ကလေးများ ဆော့ကစားနေသည့် နေရာများကို ဒရုန်းဖြင့် ထောက်လှမ်းခြင်း၊ အသေခံဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်ခြင်း များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက “အသေခံဒရုန်းနဲ့ တိုက်ခိုက်နေတာတော့ တော်တော်ဆိုးရွားတာပေါ့။ ဘာမှ မသိတဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးရတာကပိုဆိုး။ ကိုယ်တိုင်ကိုယ်ကျ ကူညီသူအနေနဲ့တောင် အဲ့လိုမြင်ကွင်းက တော်တော်လေး စိတ်အခြေအနေ ထိခိုက်ရတယ်။ သူတို့ကိုယ်တိုင် တိုက်ခိုက်သတ်နေတဲ့ သူတွေရဲ့ စိတ်က ဘယ်လိုစိတ်လဲတော့ မတွေးပေးတတ်တော့ဘူး” ဟု ပြောသည်။
စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၂ ဦးအနက် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၅ ဦး ပါဝင်သည်။
ဖြစ်စဉ်များအနေဖြင့် စက်တင်ဘာ ၁ ရက်နေ့က မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်အရွယ် အတည်မပြုနိုင်သေးသည့် အမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ရသည်။
အလားတူ စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ်ရှိ နေရာတစ်ခုကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အရွယ် အမျိုးသား နှစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၁၄ ရက်နှင့် ၁၆ ရက်နေ့များတွင် အသေခံဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် နန်းမယ်ခုံမြို့နယ်မှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ထပ်မံ သေဆုံးခဲ့ရသည်။
စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့် ကရင်နီပြည်ရှိ မြို့နယ်အချို့တွင် လုံခြုံရေးအရ စာသင်ကျောင်းအချို့ကို ပိတ်ထားရသည်။
ထိုသို့ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု ရှိနေသည့်အတွက် ကျောင်းတက်နေသည့် ကလေးများ၏ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒီးမော့ဆို (အရှေ့) မြို့နယ်ရှိ ကလေးမိခင်တစ်ဦးက ပြောဆိုထားသည်။
အဆိုပါ ကလေးမိခင်က “စိုးရိမ်စရာတွေက အများကြီးပဲ။ ကလေးကျောင်းသွားတယ်ဆိုပေမယ့် ကျောင်းမှာ လေယာဉ်လာကြဲမလား၊ ဒရုန်းလာချမလားဆိုတဲ့အတွေးနဲ့ စိတ်ပူနေရတယ်။ အိမ်မှာနေရင်လည်း အခုက ကျောင်းမှာမှ၊ အိမ်မှာမှ ခွဲပြီးလုပ်တာမဟုတ်တော့ ပိုဆိုးတာပေါ့။ လုပ်ချင်တဲ့နေရာ လုပ်၊ ကြဲနေတော့ ကလေး တွေအတွက် စိုးရိမ်စရာမရှိတဲ့အချိန်ရယ်လို့ မရှိဘူးပေါ့လေ” ဟု ပြောသည်။
စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်သည် ကရင်နီပြည်မှ မြို့နယ်များသို့ လေကြောင်းဗုံးကြဲမှု ၃ ကြိမ်၊ ဒရုန်း ဖြင့် ဗုံးကြဲမှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သဖြင့် အရပ်သားများ သေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်အထိ ရှိလာခဲ့သည်။







