ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏ စစ်ရေယာဉ် (နေဗီ) က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး စက်လှေသမား ၈ ဦးကို ဖမ်းဆီးကာ ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကျော်တွင် ဆင်တက်မော်ကျေးရွာမှ မွတ်ဆလင် ရေလုပ်သား ၁၆ ဦးသည် စက်လှေနှစ်စီးဖြင့် ပင်လယ်ပြင်၌ ငါးဖမ်းနေစဉ် စစ်အုပ်စုတပ် စစ်ရေယာဉ်က ပစ်ခတ်ဖမ်းဆီးရာ ၈ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ကျန် ရေလုပ်သား ၈ ဦးမှာမူ စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ သိရသည်။
လွတ်မြောက်လာသည့် မွတ်ဆလင် အမျိုးသားတစ်ဦးက “နေဗီနှစ်စီးက ကျနော်တို့ စက်လှေနဲ့ နောက်တစ်စီးကို လက်နက်ကြီးနဲ့ ပစ်ပြီး ဖမ်းဆီးခဲ့တာပါ။ စစ်ဆေးမေးမြန်းပြီး ညနေပိုင်းမှာ လူတစ်ဦးကို ဆီဗူးခွံ (အဝါဗူး) တစ်ခုစီနဲ့ ပင်လယ်ထဲ ပစ်ချလိုက်ပါတယ်။ ကျနော်တို့လည်း ကံကောင်းလို့ ရွာက စက်လှေတစ်စီးနဲ့ တွေ့ပြီး အသက်ရှင်ခွင့် ရတာပါ” ဟု ပြောသည်။
ထို့ပြင် အဆိုပါ ငါးဖမ်းစက်လှေ နှစ်စီးစလုံးကိုလည်း စစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
၎င်းအမျိုးသားက “ကျနော်တို့ကို ဖမ်းပြီး စက်လှေကို ပထမဆုံးက စက်သေနတ်နဲ့ ပစ်တယ်။ လှေက မနစ်မြုပ် တော့ လက်နက်ကြီးနဲ့ ထပ်ပစ်တယ်။ အဲဒီကျမှ လှေနှစ်စီးလုံး မီးလောင်ပြီးတော့ နစ်မြုပ်သွားခဲ့တယ်” ဟု ဆက် ပြောသည်။
အဆိုပါ မြေငူကျွန်းတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဒေသခံများသည် ရေလုပ်ငန်းကို အဓိက အားထား လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
သို့သော် ယခုအခါ စစ်အုပ်စုတပ် စစ်ရေယာဉ်များ၏ အန္တရာယ်ကြောင့် ပင်လယ်ပြင်သို့ မထွက်ရဲသဖြင့် ဒေသခံ များ စားဝတ်နေရေး ကျပ်တည်းနေပြီး အချို့မှာမူ ဝမ်းစာရေးအတွက် အသက်စွန့်ကာ ငါးဖမ်းနေကြရသည်။
“နေဗီတွေက ပင်လယ်ပြင်မှာ လှုပ်ရှားသွားလာမှုတွေ မကြာခဏတွေ့ရပြီး ပစ်ခတ်မှုတွေ ရှိပါတယ်။ ရွာသားတွေမှာ တတ်နိုင်တဲ့ လူတွေက နေဗီကို ကြောက်လို့ ငါးဖမ်း မထွက်ကြတော့ဘူး။ ဒါပေမဲ့ ဆင်းရဲပြီး တစ်ရက်စာတစ်ရက် ရှာစားနေကြတဲ့ လူတွေက အသက်အန္တရာယ်ကို စွန့်ပြီး ငါးဖမ်းနေကြရပါတယ်” ဟု ဆင်တက်မော်ကျေးရွာမှ အခြား မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ပင်လယ်ပြင်၌ စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များက ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ဆင်တက်မော်၊ ကုလားသိမ်၊ စိုးမဲကျီ စသည့် ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြရသည်။
ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ စစ်အုပ်စုတပ်သည် စစ်တွေ-ဝီရဌာနီ (ပေါက်တော) အစပ်နေရာများကို လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းတို့မှ ပစ်ခတ်တိုက်ခိုက်နေပြီး ပင်လယ်ပြင် စစ်ရေးလှုပ်ရှားမှုများကိုလည်း တိုးမြှင့် ထားကြောင်း ဒေသခံများက ထောက်ပြကြသည်။







