သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌ နေအိမ်ရှိ လူဦးရေနှင့် ဖိနပ်အရေအတွက် မကိုက်ညီသည်ကို အကြောင်းပြပြီး ခြိမ်းခြောက်ငွေတောင်းမှုများ ပြုလုပ်လျက် ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လမှ ယခု စက်တင်ဘာလ တတိယပတ်အတွင်း တောင်ကြီးမြို့နှင့် အနီးနား ကျေးရွာများတွင် စစ်အုပ်စုတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးအဖွဲ့များက ဧည့်စာရင်း လိုက်လံစစ်ဆေးမှုများကို ခပ်စိပ်စိပ် ပြုလုပ်လာခြင်းဖြစ်သည်။
ဧည့်စာရင်း စစ်ဆေးရာတွင် နေအိမ်အတွင်းရှိ လူဦးရေထက် ဖိနပ်အရေအတွက် ပိုများနေပါက အဆိုပါနေအိမ်၌ ဧည့်သည်များ၊ လူစိမ်းများ လက်ခံထားသည်ဟု ဆိုကာ စစ်ဆေးမေးမြန်းခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ငွေတောင်းခံ ခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ရသည့် တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဧည့်စာရင်းလာစစ်ချိန် ဖိနပ်တွေက ဆေးပြီး အပြင်မှာ ထားတာ မသိမ်းထားမိဘူး။ အဲဒါ ဖိနပ်တွေများတယ်၊ ဧည့်သည်တွေ လူစိမ်းတွေ လက်ခံထားတယ် ဘာညာနဲ့ ရစ်တာ။ အထက်ကို ရောက်မယ်နော်ဆိုတာတွေပါ ပြောတော့ ပိုက်ဆံ နှစ်သိန်းနဲ့ ဖြေရှင်းလိုက်ရတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ထို့ပြင် နေအိမ်တွင်ရှိသည့် သက်ကြီးရွယ်အိုများသည် ဧည့်စာရင်း လာရောက်စစ်ဆေးချိန် အကြောင်း အမျိုးမျိုး ပြ၍ အဖမ်းခံရမည်ကို စိုးရိမ်ကြသဖြင့် ဖိနပ်များကို သိမ်းဆည်းထားရန် မကြာခဏ သတိပေးလေ့ရှိကြောင်း လည်း အဆိုပါ အမျိုးသမီးက ဆက်လက်ပြောကြားသည်။
အလားတူ ရွာငံမြို့ မြောက်ဘက်ကျေးရွာများတွင်လည်း စစ်အုပ်စုတပ် လက်အောက်ခံ ပျူစောထီးများက ရပ်ရွာ အတွင်း ဧည့်သည်များ လာရောက်နေထိုင်ခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးနေပြီး လူဦးရေထက် ဖိနပ်များနေပါက နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရွာငံမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “တစ်ရွာတည်းသားနေတဲ့ ပျူစောထီးတွေက ပိုဆိုးတယ်၊ အိမ်မှာ ဧည့်သည်တွေရှိမရှိ လိုက်စုံစမ်းတာ၊ ပြီးတော့ စစ်သားတွေ ခေါ်ပြီး အိမ်ကို ဝင်စစ်တာ။ အမေဆို အရမ်းလန့် တာ ဖိနပ်တွေတောင် အခု အပြင်မှာ မထားရဲဘူး” ဟု ပြောသည်။
လက်ရှိ သျှမ်းပြည် တောင်ပိုင်းတွင် စစ်အုပ်စုတပ်က မြို့နယ်၊ ကျေးရွာနှင့် ရပ်ကွက်များအတွင်း ဧည့်စာရင်း လိုက်လံစစ်ဆေးနေသည့်အပြင် တောင်ကြီးမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများသို့ ကရင်နီနှင့် သျှမ်းပြည် မြောက်ပိုင်းဘက်မှ လာရောက်စစ်ရှောင်နေသူများကိုပါ တစ်လလျှင် တစ်ကြိမ် ဧည့်စာရင်း တိုင်ကြားခိုင်းလျက် ရှိသည်။
အဆိုပါ ဧည့်စာရင်းတိုင်ကြားရာတွင် တောင်ကြီးမြို့ ဒေသခံများကို တစ်ကြိမ်လျှင် ကျပ် ၂,၀၀၀ သာ ကောက် ခံသော်လည်း စစ်ဘေးရှောင်များကိုမူ တစ်ဦးလျှင် ကျပ် နှစ်ထောင်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင်လည်း တောင်ကြီးမြို့အတွင်း စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးများက ဧည့်စာရင်း လိုက်လံစစ်ဆေးရင်း အသက်ပြည့်ပြီးသည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူသွားခဲ့သည်။







