မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင် မဲမနှိုက်ရဘဲ စစ်အုပ်စုတပ် လက်အောက်ခံများက မဲပေါက်သည်ဟု ဆိုကာ နေအိမ်များအထိ လိုက်လံ ဖမ်းဆီးမှုများ ရှိနေ သည်။
စစ်အုပ်စုတပ် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်း စာရင်းများကို ပြုစုပြီးနောက် မဲပေါက်သည်ဟု အကြောင်းပြကာ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်း ဖြစ်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ထိုသို့ လုပ်ဆောင်နေကြခြင်း ဖြစ်ပြီး နေအိမ်များသို့ လိုက်လံ၍ စစ်မှုထမ်း စာရင်းများပါ ကောက်ယူလျက် ရှိသည်။
မဲနှိုက်ရာတွင် သက်ဆိုင်သူများကို အသိပေးခြင်း မရှိသလို မဲလာရောက် နှိုက်သူ မရှိသော်လည်း မဲပေါက်သည်ဟု ဆိုကာ ဖမ်းဆီးနေခြင်း ဖြစ်သည်။
“စစ်မှုထမ်းဖို့မဲပေါက်တာ၊ လူလာလာ၊ မလာလာ ဘယ်သူမှလည်းမနှိုက်ဘဲ ရပ်ကွက်အုပ်ကြီးတွေက သူတို့ဘာ သူတို့ စာရင်းတွေ ပြုစုတာ ဘယ်သူ၊ ဘယ်ဝါမဲပေါက်တယ်ဆိုပြီး လိုက်ဖမ်းနေတယ်။ သူ့တို့သဘောနဲ့ သူတို့လုပ် တာ မဲနှိုက်တဲ့သူ မလာတာကို အိမ်ပေါ်တွေအထိ လိုက်ဖမ်းတယ်” ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။
မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အသံချဲ့ စက်ဖြင့် စက်တင်ဘာ ၆ ရက် ညပိုင်းတွင် လိုက်လံ ဆော်ဩ ဖိအားပေးခဲ့သော်လည်း မြေပြင်တွင်မူ တွေ့ရာလူ ကို ဖမ်းဆီး၍ တပ်သား စုဆောင်းနေခြင်း ဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။
ထို့ပြင် ယခင်က စစ်မှုထမ်းကြေး ခေါင်းစဉ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၀,၀၀၀ အထိ ရပ်ကွက်အလိုက် လစဉ် ပေးဆောင်ခဲ့ရပြီး လက်ရှိတွင်လည်း ပြည်သူ့စစ်အဖွဲ့အတွက် လစဉ်ကြေးဟု ဆိုကာ ဆက်လက် ကောက်ခံနေသည်။
“အရင်ကစစ်မှုထမ်းကြေးပေါ့။ အခုကျ ပြည်သူ့စစ်တွေအတွက် လစာသဘောမျိုးပေးရတာ။ မုဆိုးမလည်းပေး ရတယ် ရှိရှိ၊ မရှိရှိ တောင်းတာပေးရတယ်” ဟု အခြား မြို့ခံတစ်ဦးက ပြောသည်။
မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် တပ်သား စုဆောင်းမှုကို စိုးရိမ်ကြသဖြင့် စစ်မှုထမ်း အကျုံးဝင်သည့် အသက် အရွယ်ရှိ လူငယ်အများစုမှာ နိုင်ငံရပ်ခြားနှင့် အခြားဒေသများသို့ ထွက်ခွာသွားကြပြီး မြို့ပေါ်၌ လူငယ် အနည်း ငယ်သာ ကျန်တော့သည်ဟု ဆိုကြသည်။
မြင်းခြံမြို့နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် မိတ္ထီလာခရိုင်အတွင်းရှိ သာစည်နှင့် မိတ္ထီလာမြို့နယ်များတွင်လည်း စစ်မှုထမ်းဆောင်ရန် မဲနှိုက်သည့် စနစ်များ လုပ်ဆောင်ရန် လျာထားကြောင်း ဒေသခံများက ပြောသည်။ စစ်အုပ်စုတပ်က အသက်သွင်းထားသည့် စစ်မှုထမ်း ဥပဒေမှာ လက်ရှိတွင် အပတ်စဉ် (၂၈) သို့ ရောက်ရှိလာပြီ ဖြစ်သည်။







