ကရင်နီ၌ ခနောက်စိမ်းတူးသဖြင့် မြေယာနှင့် ရေအရင်းအမြစ်များ ထိခိုက်

ကရင်နီ၌ ခနောက်စိမ်းတူးသဖြင့် မြေယာနှင့် ရေအရင်းအမြစ်များ ထိခိုက်
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd

ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက် စိမ်းတူးဖော်မှုများကြောင့် ဒေသခံများ၏ စိုက်ပျိုးမြေ ဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်း ထိခိုက်ခြင်းနှင့် ရေအရင်းအမြစ် ညစ်ညမ်းခြင်းများ ဖြစ်ပေါ်နေကြောင်း သုတေသနစာတမ်းတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ သုတေသနစာတမ်းကို အမျိုးသမီး သုတေသနစာတမ်းရှင် ၂ ဦးက ပြုစုရေးသားထားပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ပညာရေးဌာန၏ ၃ နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့်ဘာသာစုံ သုတေသနညီလာခံတွင် ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်သည်။

၂၀၀၀ ပြည့်နှစ်မှ ယနေ့အချိန်ထိ ခေါဘာကျေးရွာ၌ အသေးစား ခနောက်စိမ်းတူးဖော်မှုများ ပြုလုပ်ခဲ့သဖြင့် စိုက်ပျိုးမြေ ထိခိုက်ဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်း ထိခိုက်ပျက်စီးခြင်း၊ စားဝတ်နေရေး ခက်ခဲလာခြင်း၊ လျော်ကြေးရရှိမှု မညီမျှခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းနှင့် ဂေဟစနစ်အပေါ် အကျိုးသက် ရောက်မှုများကို အဆိုပါ စာတမ်းတွင် လေ့လာဆန်းစစ်ထားသည်။

သုတေသနစာတမ်းရှင် က “တောင်ယာမြေတွေက သတ္တုလုပ်ကွက်တွေဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ စားဝတ် နေရေးအတွက် ခက်ခဲလာတာမျိုးတွေ ရှိတယ်။ ရေက အဆိပ်သင့်လာတဲ့အတွက်ကြောင့်မို့လို့ စိုက်ပျိုးရေးမှာ အသီးနှံအထွက်နှုန်းတွေ လျော့လာတာရှိတယ်။ တချို့သော လူတွေများဆိုလို့ရှိရင် မြေယာက ပါသွားတဲ့အတွက် ကြောင့်မို့လို့ တခြား သောလူတွေဆီမှာ မြေယာအငှားစားဘဝနဲ့ ရောက်သွားတာမျိုးတွေရှိတယ်ပေါ့နော” ဟု စာတမ်းဖတ်ပွဲတွင် ပြောသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် သိမ်းမျက်လုံးကုမ္ပဏီတို့က ခေါဘာကျေးရွာ နယ်နိမိတ်အတွင်း တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁,၅၀၀၊ တစ်တန်လျှင် ကျပ်ငွေ ၃၀၀,၀၀၀ နှုန်း ဖြင့် ခနောက်စိမ်း တူးဖော်မှုကို နှစ်စဉ် ပြုလုပ်ခဲ့ကြသည်။

စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း သိမ်းမျက်လုံးကုမ္ပဏီက ဆက်လက် တူးဖော်ခြင်း မရှိတော့ဘဲ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့က တူးဖော်နေဆဲ ဖြစ်သော်လည်း စာတမ်းဖတ်ပွဲတွင် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့အမည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း တစ်နှစ်လျှင် ခနောက်စိမ်း တန်ချိန် ၁၅၀ နှုန်း၊ တစ်တန်လျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် တူးဖော်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ အဆိုပါ တူးဖော်မှုကြောင့် ဒေသခံများ၏ တောင်ယာမြေ အနည်းဆုံး ၁၅ ဧကမှ ဧက ၅၀ အထိ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မြေပြိုမှုများပါ ဖြစ်ပေါ်ခဲ့သည်။

နှစ်ပေါင်း ၃၀ နီးပါး တူးဖော်မှုကြောင့် ခေါဘာကျေးရွာအုပ်စုအတွင်းရှိ မြစ်ချောင်းများအတွင်းသို့ မြေစာနှင့် သဲများ ပါဝင်စီးဆင်းလာသဖြင့် ငါးရှားပါးမှုနှင့် ရေအရင်းအမြစ် ညစ်ညမ်းမှုများလည်း ကြုံတွေ့နေရသည်။

“အဲလို သတ္တုတူးဖော်မှုတွေ များပြားလာတဲ့အချိန် နိုင်ငံတဝှမ်းမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာ အမဲလိုက်တဲ့ နေရာတွေ ဖယ်ရှားခံရတာတွေ၊ စိုက်ပျိုးရေးနေရာတွေနဲ့ ဝိညာဉ်ရေးရာအလေ့အထ လုပ်နေတဲ့ နေရာတွေ အပြင် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်ပြီးတော့ ရေအရင်းအမြစ် ညစ်ညမ်းလာတာတွေ၊ ယဉ်ကျေးမှုနဲ့ ပတ်သတ်ပြီးတော့ ရိုးရာအသိအမှတ်ပြုထားတဲ့ နေရာတွေ မရှိတော့တာမျိုး ဖြစ်လာတာ ကျမတို့ တွေ့ရှိထားတယ်” ဟု စာတမ်းရှင်က ဆက်ပြောသည်။

လက်ရှိတွင် ခနောက်စိမ်းတူးဖော်မှုကို ယခင်လုပ်ကွက်များတွင်သာ လုပ်ဆောင်ကြပြီး လုပ်ကွက်အသစ် ဖော် ထုတ်ခြင်း မရှိတော့သည့်အတွက် ပတ်ဝန်းကျင်နှင့် ဒေသခံများ၏ ထိခိုက်နစ်နာမှုများကို ပြန် မဖော်ချင်တော့ ကြောင်း လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လောလောဆယ်တော့ သူတို့(လက်နက်ကိုင်တပ်ဖွဲ့) တွေ အကွက်သစ်၊ တောင်ယာသစ်တွေပေါ့နော အဲလိုမျိုး တွေ ပြန်ဝယ်တာမျိုးတော့ မရှိသေးဘူး။ အရင်က သူတို့ဝယ်ထားတဲ့ဟာအဟောင်းကိုပဲ သူတို့က ဆက်သုံးနေ သေးတယ်ပေါ့နော။ တချို့အကွက်တွေ ဆိုလို့ရှိရင် သူတို့ရပ်နားထားတာမျိုး ရှိတယ်။ ဒါပေမဲ့ သူ့ဟာက သူတို့ လုပ်လိုက်နားလိုက် လုပ်လိုက်နားလိုက် အဲလိုပဲ ဖြစ်နေတော့ အဆင်ပြေရင် သူတို့ထလုပ်တယ်။ အဆင်မပြေဘူး ဆိုလည်း သူတို့မလုပ်ရင်တောင်မှလည်း သူတို့ရဲဘော်တွေ ကင်းစောင့်ထားတာမျိုးတွေရှိတယ်ပေါ့နော။”

ယခင်က ခနောက်စိမ်းတူးရန် ခြံတစ်ကွက်လျှင် ကုမ္ပဏီနှင့် လက်နက်ကိုင်အဖွဲ့ထံမှ ဆိုင်ကယ်တစ်စီးဖြင့် လဲလှယ်ခဲ့ရသလို ငွေကြေးရယူမှုများလည်း ရှိခဲ့သည်။

ကရင်နီပြည်တွင် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၌ အကြီးစား ခဲသတ္တုတူးဖော်မှု ရှိနေပြီး အသေးစားလုပ်ငန်း အဖြစ် ရှမ်း-ကရင်နီနယ်စပ် မြင်းမထိတောင် ခဲသတ္တုတူးဖော်မှု၊ သံလွင်မြစ်ကမ်းဘေးရှိ ခနောက်စိမ်းနှင့် ရွှေတူး ဖော်မှု၊ ဟိုယာမြို့နယ် ခနောက်စိမ်းတူးဖော်မှုတို့ လက်ရှိအချိန်ထိ ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ခနောက်စိမ်းတင်ပို့မှု တန်ချိန်ပေါင်း ၂၂၅ တန်ရှိကြောင်း ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ ၂၀၂၅ ဘဏ္ဍာရေးနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ကြားကာလအုပ်ချုပ်ရေးအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မူဝါဒရေးဆွဲရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း IEC အတွင်းရေးမှူး-၂ ဦးဗညားက ပြောဆိုထားသည်။

အာဏာမသိမ်းမီက ကရင်နီပြည်အတွင်း အသေးစား ခနောက်စိမ်းတူးဖော်ခွင့် လိုင်စင်ရထားသည့် ကုမ္ပဏီ ၁၀ ခုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် လိုင်စင်သက်တမ်း ကုန်ဆုံးသွားခဲ့သည်။

Most read this week

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...