ဗန်းမော်နှင့် မိုးမောက်၌ ငှက်ဖျား အဖြစ်များပြီး ဆေးဝါး ပြတ်လပ်နေ

ဗန်းမော်နှင့် မိုးမောက်၌ ငှက်ဖျား အဖြစ်များပြီး ဆေးဝါး ပြတ်လပ်နေ

ကချင်ပြည်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်အကြားရှိ ကျေးရွာများတွင် ငှက်ဖျားနှင့် ရာသီတုပ်ကွေး ရောဂါများ အဖြစ်များနေပြီး ဆေးဝါးပြတ်လပ်မှုနှင့် ပြင်းထန်စွာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးစတင်ဝင်ရောက်ချိန်မှစ၍ ငှက်ဖျားရောဂါ အဖြစ်များလာခြင်းဖြစ်ပြီး လတ်တလောတွင်လည်း တစ်ဦးနှင့် တစ်ဦး ကူးစက်ကာ ဖျားနာသူ အများအပြား ရှိနေသလို ဆေးဝါးဝယ်ယူရန်နှင့် ကုသရန် အခက်အခဲ ဖြစ်နေကြ ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက "ငှက်ဖျားတွေလည်းအဖြစ်များပြီး ရွာကရှိတဲ့ဆရာမတွေမှာလည်း ဆေးဝါး မလုံလောက် ကြ ပါဘူး။ ကားလမ်းတကြောနေတဲ့ Camp တွေတော့ အားကိုးစရာ ဆေးခန်းတွေ ရှိကြသေးတယ်။ တခြားဘက် က ကျေးရွာတွေဆို စားဖို့တောင် အနိုင်နိုင် ဖြစ်နေကြတဲ့အထဲ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြ အရမ်းခက် ခဲ ကြတယ်။ သွားရေးလာရေးလဲခက်ခဲတော့ ရွာမှာရှိထားတဲ့ ဆရာမကိုပဲ အားကိုးပြီး နေရတယ်” ဟု ပြော သည်။

ဗန်းမော်နှင့် မိုးမောက်မြို့နယ်အကြား ကျေးရွာများနှင့် ကျွန်းဘက်ရှိ ရွာများမှ ဆေးဆရာမများတွင်လည်း ဆေးဝါး မလုံလောက်သဖြင့် လိုအပ်ချက်ကြီးမားနေသည်။

ထို့ကြောင့် အရေးပေါ် ဆေးရုံတက်ရောက်ရန် လိုအပ်ပါက လိုင်ဇာမြို့အထိ သွားရောက်ကုသနေကြရပြီး အချို့ မှာမူ သွားလာစရိတ် ခက်ခဲသဖြင့် ဆေးသွားရောက် မကုသနိုင်ဘဲ ရှိနေကြသည်။

အချို့ကျေးရွာများတွင် ရွာထဲသို့ ဆေးဆရာမများ လာရောက်မှသာ ဆေးထိုးနိုင်ကြပြီး ဆေးတစ်ကြိမ်ထိုးလျှင် သောက်ဆေးအပါအဝင် ကျပ် ၂၀,၀၀၀ ဝန်းကျင် ကုန်ကျသဖြင့် ဆေးထိုးရန်ပင် မတတ်နိုင်ဘဲ လက်လှမ်းမှီရာ ဆေးမီးတိုများဖြင့်သာ ကုသနေကြရသည်။

ဒေသအတွင်း သောက်ဆေးများမှာ အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်း ကွဲပြားလျက်ရှိရာ ပါရာစီတမော ဆေးတစ်ကတ်လျှင် ကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိ၊ ချောင်းဆိုးပျောက်ဆေး တစ်ကတ်လျှင် ကျပ် ၃,၀၀၀ မှ ၆,၀၀၀ အထိ ဈေးနှုန်း မြင့်တက်နေသည်။

ထို့ပြင် မိုးမောက်တကြောရှိ စာသင်ကျောင်းများတွင် ရာသီတုပ်ကွေး၊ ကိုဗစ်ကဲ့သို့ လက္ခဏာများအပြင် ဝမ်း ပျက်၊ ဝမ်းလျှောရောဂါများပါ အဖြစ်များသဖြင့် စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် ဒေသတွင်း ဆေးဝါးခက်ခဲသည့်အပြင် ကုန်ပစ္စည်း သယ်ယူရေးတွင်ပါ အခက်တွေ့နေကြရသည်။ ယခင်က ကုန်ပစ္စည်းများကို ရွှေကူနှင့် မန္တလေးဘက်မှ ရေကြောင်း၊ ကုန်းကြောင်းများဖြင့် သယ်ယူကြသော် လည်း စစ်အုပ်စုတပ် စစ်သင်္ဘောများ တက်လာပြီးနောက်ပိုင်း သယ်ယူရန် ခက်ခဲသွားခြင်းဖြစ်သည်။

ဗန်းမော်မြို့နယ်အတွင်းမှ စစ်ဘေးရှောင် ပြည်သူ သောင်းဂဏန်းခန့်သည်လည်း အဆိုပါ ဗန်းမော်နှင့် မိုးမောက် မြို့နယ်ကြားရှိ ကျေးရွာများတွင် ခိုလှုံနေကြရသည်။

Health Cluster Myanmar ၏ ဇူလိုင်လထုတ် အစီရင်ခံစာတွင် ကချင်ပြည်အပါအဝင် ချင်း၊ ကရင်၊ ကရင်နီ (ကယား)၊ မကွေး၊ ရခိုင်၊ စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် ငှက်ဖျားရောဂါ ကူးစက်မှု ပိုမိုမြင့်တက်လာနေပြီး ရောဂါကူးစက်မှု အမျိုးအစားသည်လည်း ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ခြေရှိသည့် အမျိုးအစားအဖြစ် သိသိသာသာ ပြောင်းလဲလာကြောင်း ဖော်ပြထားသည်။

ဒေသတွင်း ဈေးကွက်အတွင်း ငှက်ဖျားကုသရန် သုံးသည့် အခြေခံပေါင်းစပ်ဆေးဝါး (ACTs)၊ ငှက်ဖျားစစ်ဆေး သည့် ပစ္စည်းများနှင့် ဆေးစိမ်ခြင်ထောင်များ ရရှိနိုင်မှု နည်းပါးလွန်းခြင်းက ငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် ကြီးမားသည့် အဟန့်အတားဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။

Most read this week

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...