ရေဖြူ လမ်းပိုင်း၌ စစ်အုပ်စုတပ် စစ်ကြောင်းထိုး၍ ဒေသခံများ သွားလာရေး ခက်ခဲနေ

ရေဖြူ လမ်းပိုင်း၌ စစ်အုပ်စုတပ် စစ်ကြောင်းထိုး၍ ဒေသခံများ သွားလာရေး ခက်ခဲနေ
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ မကြာခဏ နေရာပြောင်းရွှေ့ သွားလာနေပြီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်းနှင့် တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်နေ သဖြင့် ဒေသခံများ သွားလာနေထိုင်ရေး လုံခြုံမှုမရှိကြောင်း မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ လမ်းပိုင်းရှိ ကျေးရွာ ၄ ရွာတွင် အင်အား ၃၀၀ ခန့်ရှိသည့် စစ်အုပ်စုတပ် စစ်ကြောင်း ၃ ကြောင်းဖြင့် ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့မှစ၍ လှုပ်ရှားသွားလာလျက်ရှိပြီး တစ်ရွာလျှင် ၃ ရက်မှ ၄ ရက်နှုန်းဖြင့် တပ်စွဲ နေထိုင်လေ့ရှိသည်။

စက်တင်ဘာ ၁၄ ရက်နေ့က ကျွဲတလင်းကျေးရွာမှ ၂၈၂ တပ်ရင်းသို့ တောလမ်းအတိုင်း ပြန်သွားသည့် စစ်ကြောင်းသည် မိုင် ၆၀ ကျေးရွာရှိ ရော်ဘာခြံတစ်ခြံတွင် နေထိုင်သည့် ခြံရှင်မိသားစုထံမှ ဖုန်း ၃ လုံး သိမ်းယူသွားခဲ့ကြောင်း ကျောက်တလင်း ရွာခံတစ်ဦးက ပြောသည်။

၎င်းက “၁၄ ရက်နေ့ သူတို့စစ်ကြောင်း ပြန်သွားတယ်။ လူချိန်းတာလားတော့မသိဘူး၊ ကျွဲတလင်းဘက် တော လမ်းအတိုင်း သွားပြီးတော့ မိုင် ၆၀ မှာ ခြံပိုင်ရှင်ပဲ ဖုန်းသုံးလုံးသိမ်းလိုက်ပြီး တပ်ရင်းကို ပြန်သွားတယ်” ဟု ပြောသည်။

ထို့ပြင် စက်တင်ဘာ ၈ ရက်နေ့တွင် ကျောက်ကဒင်ကျေးရွာ၌ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု တပ်က တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်ဆက်စပ်နေသူဟု စွပ်စွဲ၍ အသက် ၃၀ အရွယ် ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့သည်။

ကျောက်တလင်း ရွာခံက “ကျောက်ကဒင်ရွာသားကို အပြင်အဖွဲ့နဲ့ ဆက်နွယ်နေတာ ရှိတယ်ဆိုပြီး ရိုက်နှက်ထား တာရှိတယ်။ ရွာသားပဲ တော်လှန်ရေးဘက် သွားလာတာမျိုးရှိတာကို သူတို့သိတယ်။မေးတာကို မဖြေတော့ ရိုက်နှက်ထားတယ်” ဟု ဆက် ပြောသည်။

စစ်အုပ်စုတပ် စစ်ကြောင်းများ မကြာခဏ တပ်စွဲပြောင်းရွှေ့နေသည့်အတွက် ဒေသခံများမှာ တိမ်းရှောင်နေရ သည့်အပြင် လုပ်ငန်းခွင်သို့ သွားလာရန်ပင် ခက်ခဲနေကြသည်။

တနင်္သာရီတိုင်းအတွင်း နယ်မြေစိုးမိုးမှု ပြန်ရရန် စစ်အုပ်စုတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှု ကျဆင်းသွားသော်လည်း လူသတ်မှုနှင့် မီးရှို့ ဖျက်ဆီးမှုများ မြင့်တက်လာခဲ့သဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ပိုမိုများပြားလာကြောင်း FE5 တနင်္သာရီ၏ အစီရင်ခံစာအရ သိရှိရသည်။

Most read this week

September 15, 2026
မွန်ပြည်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့်...
September 14, 2026
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့်...
September 14, 2026
မွန်ပြည်၊ ကျိုက်မရော-မော်လမြိုင် လမ်းပိုင်း၌ ထိုင်းကုန်ပစ္စည်းများ တင်သွင်းလာသည့်...
September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...