ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ကို အဆင့်မီ တပ်မတော်အဖြစ် ဖွဲ့စည်းရန် ပြင်ဆင်

ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ကို အဆင့်မီ တပ်မတော်အဖြစ် ဖွဲ့စည်းရန် ပြင်ဆင်
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) များကို စုစည်း၍ အဆင့်မီ တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ကို ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ချင်းပြည်အစိုးရတပ်ဖွဲ့ (Chinland Government Force) ကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲ စီမံသွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ ပူးဘွေ့ကုန်း (Pu Bawi Kung) က ပြော သည်။

“ကျနော်တို့ CDF တွေက Professional တပ်မတော် မဟုတ်ဘူး။ လခစား၊ ထောက်ပံ့ကြေးရပြီး လုပ်တဲ့ လူ တွေ မဟုတ်ဘူး။ CNA မှာ ဝင်ပါဆိုလည်း သူတို့က မဝင်ချင်ကြဘူး။ တချို့က စစ်နိုင်ချင်လို့ CDF ဖွဲ့တာလည်း ရှိမယ်။ တချို့က power တွေ ရနိုင်တယ်လို့ တွေးတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ဆိုတော့ CNA မှာ တခါ တည်းနဲ့ ဝင်လို့က အဆင်မပြေတဲ့အတွက် ကျနော်တို့က ချင်းပြည်အစိုးရတပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းထားတယ်။”

CDF တပ်ဖွဲ့များသည် စေတနာ့ဝန်ထမ်း ရောက်ရှိနေခြင်းဖြစ်၍ ရေရှည်တွင် အမြဲတမ်း တပ်မတော်အဖြစ် ရပ်တည်ရန် ခက်ခဲလာကြောင်းနှင့် CNA တွင်းသို့ တိုက်ရိုက်ပူးပေါင်းရန် အဆင်မပြေသည့် အခြေအနေများ ကြောင့် CGF ကို သီးသန့်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ ပူးဘွေ့ကုန်း (Pu Bawi Kung) က ပြောသည်။

Chinland Government Force ကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့မှ စေလွှတ်သော တော်လှန်ရေးရဲဘော်များဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ချင်းပြည်အစိုးရအဖွဲ့က တိုက်ရိုက် ထောက်ပံ့ခြင်းနှင့် လစာပေးခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ချင်းအင်အားစုများက CGF ကို ဖွဲ့စည်းခြင်းသည် “One Command, One Army, One Budget” မူဝါဒဖြင့် သွားရောက်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ တွင်လည်း ပြဋ္ဌာန်းထားသည်။

“ချင်းပြည်၏ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ဒီမိုကရေစီစနစ်နှင့်အညီ အရပ်သားအုပ်ချုပ် ကွပ်ကဲမှုအောက်တွင် ခိုင်မာအားကောင်းသည့် တစ်ခုတည်းသော တပ်မတော်ကို ဖွဲ့စည်းနိုင်ရန် မူဝါဒ ချမှတ်ဆောင်ရွက်ရမည်” ဟု ပုဒ်မ ၂၀ တွင် ပါရှိသည်။

လတ်တလောတွင် အဆိုပါတပ်ဖွဲ့ကို ဖွဲ့စည်းရန် ကျပ်သိန်းပေါင်း တစ်သောင်းခန့် သုံးစွဲရန် လျာထားပြီး Chinland Government Force သီးသန့် စစ်ယူနီဖောင်းများလည်း ပြင်ဆင်ထားပြီးဖြစ်သည်။

ဒုဥက္ကဋ္ဌ ပူးဘွေ့ကုန်း က "Chinland Government Force ဆိုတာ CDF မဟုတ်တော့ဘူး။ CDF က လွှတ်ထား တဲ့ ရဲဘော်တွေကို ချင်းပြည်အစိုးရက တိုက်ရိုက်ထောက်ပံ့ပြီးတော့မှ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်တာကို ဆိုလိုတာ။ ထိုနည်းလည်ကောင်းပဲ CNA က လာတဲ့ လူတွေဟာလည်းပဲ တိုက်ရိုက်၊ ကာကွယ် ရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီးတော့မှ ချင်းပြည်အစိုးရက ထောက်ပံ့မှာ။ ချင်းပြည် အစိုးရက လစာပေးသွား မှာပါ။ သူတို့မှာ ယူနီဖောင်း သီးသန့်ရှိပြီ။ ယူနီဖောင်း Chinland Government Force သီးသန့်ရှိတယ်” ဟု ဆက်ပြောသည်။

ချင်းပြည် တည်ဆောက်နိုင်ရေးအတွက် CGF ကို ဦးစားပေးဖွဲ့စည်းရမည်ဟု ခံယူကာ အချို့ ချင်းကာကွယ်ရေး တပ်ဖွဲ့များသည် တပ်ဖွဲ့ဝင်များ စေလွှတ်ထားပြီး ဖြစ်သော်လည်း အခက်အခဲအချို့ကြောင့် မစေလွှတ်ရသေး သည့် အဖွဲ့များလည်း ရှိနေသေးသည်။

ချင်းအမျိုးသား တော်လှန်ရေးအတွင်း စနစ်တစ်ခုကို တည်ဆောက်နေခြင်းဖြစ်၍ CGF ကို ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီကြရန်လည်း ဒုဥက္ကဋ္ဌ ပူးဘွေ့ကုန်း တိုက်တွန်းထားသည်။

“ဖြစ်နိုင်ရင်တော့ CGF ကို ချင်းပြည်အစိုးရကာကွယ်ရေး တပ်ဖွဲ့တွေ အကုန်လုံး ပြန်စုစည်းပြီးတော့မှ CNA နဲ့ CGF ကောင်းကောင်း လက်တွဲမယ်ဆိုရင် စစ်လည်းနိုင်မယ်။ ပြဿနာလည်း နည်းမယ်။ နောက်တချိန် နိုင်ငံကောင်းတဲ့ အချိန်မှပဲ Army တစ်ခု နာမည် ပြောင်းရမယ်။ Chinland Army ခေါ်မလားပေါ့။ စုစည်းနိုင် တဲ့ အဆင့်ကနေ အရင် စုစည်းတဲ့အတွက် Chinland Government Force ကို ဦးစားပေးပါ။ CNA ကို ထောက်ပံ့ပါ။ ဒီနှစ်ခုကိုပဲ ထောက်ပံ့မှပဲ စစ်လည်း နိုင်မယ်။ ပြဿနာလည်း နည်းမယ်။ ချင်းပြည်စုစည်း နိုင် မယ်။ တိုးတက်မယ်။”

လက်ရှိတွင် ရဲဘော်များကို ထောက်ပံ့ကြေးငွေ ငါးသောင်းကျပ်မှ စတင်ကာ နောက်ပိုင်းတွင် တိုးမြှင့်ပေးသွားရန် လျာထားပြီး ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့်လည်း CGF နှင့် CNA ကို ဦးစားပေး ထောက်ပံ့ပေးကြရန် တိုက်တွန်းထားသည်။

ချင်းတော်လှန်ရေး အင်အားစုများသည် CDF အဖြစ် ရပ်တည်လာသည်မှာ ၅ နှစ်နီးပါး ရှိလာပြီ ဖြစ်ပြီး အလား တူ ဆက်သွားပါက ပြဿနာပေါင်းများစွာ ကြုံတွေ့ရနိုင်ကာ လက်နက်ကိုင် အာဏာရှင်သစ်များ ပေါ်ထွက်လာနိုင် ကြောင်းလည်း ၎င်းက ထောက်ပြသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDFs) ၁၉ ဖွဲ့ ရှိသည်။

Most read this week

ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...