ရွှေမင်းဂံအနီး တိုက်ပွဲပြင်းထန်နေပြီး အမြင့်ကျွန်း၌ စစ်အုပ်စုတပ် လေကြောင်းဗုံးကြဲ

ရွှေမင်းဂံအနီး တိုက်ပွဲပြင်းထန်နေပြီး အမြင့်ကျွန်း၌ စစ်အုပ်စုတပ် လေကြောင်းဗုံးကြဲ

အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း တစ်ဖက်ကမ်းအထိ ရောက်ရှိလာနေသကဲ့သို့ အမြင့်ကျွန်းကျေးရွာရှိ စစ်အုပ်စု တပ်စခန်းတစ်ခု ဒရုန်းဖြင့် တိုက် ခိုက်ခံရပြီးနောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက “စစ်တပ်ရဲ့ အထိုင်ခြေကုတ် ယူထားတဲ့ ရဲရိုးပြင်ရွာစခန်း အနီးထိ တိုက်ပွဲရောက်လာပါပြီ။ ကြေး၊ ရေ၊ လေ ခုခံနေတဲ့ကြားက အခုလိုတိုက်ပွဲဟာ ရွှေမင်းဂံရေတပ်ရဲ့ အနီးဆုံးထိ ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ပြောသည်။

စစ်အုပ်စု၏ စစ်တွေမြို့နယ်၊ ရွှေမင်းဂံ ရေတပ်စခန်းနှင့် မျက်နှာချင်းဆိုင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရဲရိုးပြင် ကျေးရွာ ပတ်ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်း ဖြစ်သည်။

“ရဲရိုးပြင်နဲ့ ဆားပို့တောင်ကြားဖြစ်နေတယ်။ ပြီးတော့ ဝါဘိုဖက်မှာလည်းဖြစ်နေတယ်။ စကစဖက်ကတော့ လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တွေနဲ့ နေ့တိုင်းပဲလာချနေတာ” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အမြင့်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားသော စစ်အုပ်စုတပ်၏ လက်နက်ကြီးစခန်းကို အာရက္ခတပ်တော်ဘက်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ကျရောက်ပေါက်ကွဲမှုများရှိပြီး စစ်အုပ်စုတပ်ဘက်မှ အထိနာ အကျအဆုံးများပြားခဲ့သည်။

ထိုသို့ အထိနာသွားသဖြင့် စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီကျော်ခန့်တွင် အမြင့်ကျွန်း တံတားပတ်ဝန်းကျင် ကို စစ်အုပ်စုတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သည်။

ထို့ပြင် စစ်တွေမြို့နယ်အတွင်းရှိ အမြင့်ကျွန်း၊ ချီလိုင်ဖင်းဘက်တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီနေ့လည်းတိုက်ပွဲ ဖြစ်တယ်။ အဲဒီ ချီလိုင်ဖင်းကျေးရွာဖက်ကို စစ်ကြောင်း တက်လာတာပါ။ အဲဒီကြားမှာ ဖြစ်နေကြတယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စုတပ်သည် စက်တင်ဘာ ၄ ရက်မှစ၍ စစ်ကြောင်း ၅ ကြောင်းဖြင့် စစ်ဆင်ရေးစတင်ခဲ့ပြီး ၁၁ ရက်ကြာ သည်အထိ အပြန်အလှန် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

အာရက္ခဒေသအတွင်း စစ်အုပ်စု၏ အဓိက စစ်မျက်နှာမှာ ပုဏ္ဏားကျွန်းဖြစ်နေပြီး အမြင့်ကျွန်းကျေးရွာနှင့် မင်းချောင်းတံတားကို အခိုင်အမာ ခြေကုပ်ယူကာ ကွမ်းတောင်နယ်မြေကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က စက်တင်ဘာ ၁၄ ရက် စစ်ရေးသုံးသပ်ချက်တွင် ထည့်သွင်း ပြောဆို ထားသည်။

CDM ဗိုလ်ကြီးဇင်ယော်က “အာရက္ခတပ်တော်မှာ စစ်မှော်ဝင်သွားသလိုမျိုး ရှိနေတာမို့ စစ်တွေကို အခြေပြုတဲ့ စစ်တပ်ရဲ့ တိုက်စစ်ဟာ မကြာမီ စစ်ဦးကျိုးသွားရတော့မယ့် အနေအထားမျိုးကို မြင်တွေ့လာရပြီ ဖြစ်ပါတယ်” ဟု သုံးသပ်ထားသည်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခဲ့သဖြင့် ကံကော်ကျွန်းဘက်ကို AA က တိုက်စစ်ဆင်ရန် ပြင်ဆင်လာပြီဟု တွက်ဆရကြောင်းလည်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - (ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာအတွင်း စစ်အုပ်စုတပ်က ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ / Credit)

Most read this week

နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...