ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့် ဒေသခံ ရေလုပ်သားများနှင့် ခရီးသွား အရပ်သား စုစုပေါင်း ၉ ဦးကို စစ်အုပ်စု ရေတပ်က ဖမ်းဆီးခဲ့ပြီးနောက် သတင်း အစအန မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီခန့်က မြေပုံမြို့နယ်၊ နှာခေါင်းပေါက်မြစ်အတွင်း ဆွဲပိုက်ချနေသည့် ကျွန်းသာယာကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ရေလုပ်သား ဦးမြင့်ထွန်းဝင်းကို စစ်အုပ်စု ရေတပ်က စစ်ဆေး ရန် လှမ်းခေါ်ခဲ့သည်။
ဦးမြင့်ထွန်းဝင်းသည် စစ်ဆေးမှု မခံလိုသဖြင့် စက်လှေဖြင့် ထွက်ပြေးရာ စစ်အုပ်စု ရေတပ်က လိုက်လံဖမ်းဆီး ၍ င/ပသုန် ရပ်ရွာအနီးတွင် ဖမ်းဆီးသွားခဲ့သည့်အပြင် ၎င်း၏ စက်လှေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်အထိ တစုံတရာ အဆက်အသွယ် မရသေးဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကျွန်းသာယာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဆွဲပိုက်ချနေတုန်း နေဗီက လှမ်းခေါ်တော့ ကြောက်လို့ ထွက်ပြေးတာကို အတင်းလိုက်ဖမ်းတာ။ စက်လှေကို လည်း မီးရှို့ပစ်ခဲ့တယ် ကြားရတယ်။ အခုဆို အဆက်အသွယ်လုံးဝမရတော့ဘူး။ စစ်တပ်လက်ထဲ ရောက်သွား ရင် ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်တော့ မိသားစုတွေ ရင်တမမနဲ့ စိုးရိမ်နေကြရတယ်။”
အလားတူ လွန်ခဲ့သည့် မေ ၁၆ ရက်ကလည်း ကျွန်းသာယာကျေးရွာမှ ၆၁ နှစ်အရွယ် ဦးဘရွှေသိန်း၊ ၎င်း၏သား ဖြစ်သူ ၂၈ နှစ်အရွယ် ညီညီလွင်၊ ၂၈ နှစ်အရွယ် စံရွှေမြင့်၊ ၂၈ နှစ်အရွယ် လုံးထောင်၊ ၃၅ နှစ်အရွယ် ဦးမောင် မောင်လွင်၊ ၂၃ နှစ်အရွယ် မောင်ရဲကျော်သူ၊ ၂၂ နှစ်အရွယ် ကျန်ကျောင်းချေနှင့် ၂၂ နှစ်အရွယ် မောင်မောင်ကြီး တို့ အရပ်သား ၈ ဦးသည် စက်လှေနှစ်စီးဖြင့် ထင်းတင်ရန် ထွက်ခွာစဉ် အမ်းမြို့နယ်၊ ရွှေကျွန်းကြီးကျေးရွာအနီး ကျောက်ချရပ်နားထားသည့် စစ်အုပ်စု ရေတပ်စစ်ရေယာဉ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထိုသို့ အရပ်သား ၈ ဦး ဖမ်းဆီးခံရသည်မှာ ၄ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်း ခံထားရသည်ကို မသိရသေးဘဲ အဆက်အသွယ် လုံးဝပြတ်တောက်နေကြောင်း အခြား ကျွန်းသာယာရွာခံ တစ်ဦးက ပြောသည်။
“မေလကတည်းက ထင်းသွားခုတ်တဲ့ ရွာက လူငယ်တွေရော လူကြီးတွေပါ အုပ်စုလိုက် ဖမ်းသွားတာ အခုထိ သတင်းအစအနတောင် မရတော့ဘူး။ သေမှန်းရှင်မှန်း မသိရဘဲ ဒီအတိုင်း ပျောက်ချင်းမလှ ပျောက်နေတာ။ သက်ဆိုင်ရာနား သွားစုံစမ်းဖို့ကျတော့လည်း ကိုယ်ပါ အဖမ်းခံရမလားဆိုပြီး ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန် ၈ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ရပ်နားထားသည့် စစ်အုပ်စု ရေ တပ်မှ အမြန်ရေယာဉ် (Speed boat) ၂ စီးသည် ရမ်းဗြဲမြို့မှ ကုန်တင်မော်တော်စက်လှေတစ်စီးကို မင်းကြောင်း ချောင်းဝ၌ သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
စစ်အုပ်စုတပ်သည် ရခိုင်ပြည်အတွင်း ၎င်းတို့ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် ကမ်းရိုးတန်းနှင့် ပင်လယ်ပြင် ရေကြောင်းလမ်းများတွင် သွားလာနေသည့် ငါးဖမ်းသမားများ၊ ကုန်တင်မော်တော်ဘုတ်များနှင့် ခရီးသည် စက် လှေများကို ပစ်ခတ်စစ်ဆေးခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ဒေသခံများမှာ ဝမ်းရေးအတွက် ပင်လယ်ပြင် သွားလာလှုပ်ရှားရန် အသက် အန္တရာယ် စိုးရိမ်နေကြရသည်။
မြေပြင် သတင်းရင်းမြစ်တစ်ဦးက “ပင်လယ်ပြင်က ရခိုင်ဒေသခံတွေရဲ့ ဝမ်းရေးအတွက် အဓိက မှီခိုရာပါ။ အခုတော့ စစ်တပ် နေဗီတွေက ရေလုပ်သားတွေကို မြင်တာနဲ့ ရန်သူလိုသဘောထားပြီး ပစ်ခတ်တာ၊ ဖမ်းဆီး တာတွေ လုပ်နေတော့ ဘယ်သူမှ မသွားရဲကြတော့ဘူး။ ဖမ်းသွားတဲ့သူတွေကိုလည်း ပြန်မလွှတ်ဘဲ သတင်း အစအန ဖျောက်ထားတာက ဒေသခံတွေကို အကြောက်တရား ရိုက်သွင်းနေတာပဲဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စု ရေတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ကျွန်းသာယာကျေးရွာမှ ဦးမြင့်ထွန်းဝင်း အပါအဝင် ဒေသခံ အရပ်သား ၉ ဦးလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးသဖြင့် မိသားစုဝင်များနှင့် ရွာသူရွာသား များမှာ ၎င်းတို့၏ အသက်အန္တရာယ်အတွက် အထူး စိုးရိမ်ပူပန်လျက်ရှိကြသည်။







