ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင် ပါတီသမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီးအတွင်းရေးမှူးအဖြစ် အတွင်းရေးမှူး (၂) နေရာ၌ မော်သဲမာကို ရွေးချယ်ခန့်အပ်လိုက်သည်။
KNPP သမိုင်းတစ်လျှောက်တွင် အမျိုးသမီးတစ်ဦးကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း လက်ရှိ အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခံထားရသူ နဲနယ်ပလိုးက ကန္တာရဝတီတိုင်း(မ်) သို့ အတည်ပြုပြောသည်။
နဲနယ်ပလိုးက “ဒါက ပထမဆုံးအကြိမ်ပေါ့နော်။ အဲ့လို အတည်ပြုလို့ရပါတယ်။ ဒီ KNPP မှာက” ဟု ပြော သည်။
အဆိုပါ တာဝန်လစ်လပ်မှုများ ပြန်လည်ရွေးချယ်ခန့်အပ်ခြင်းကို စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် KNPP ၏ (၁၅) ကြိမ်မြောက် ပါတီကွန်ဂရက်သက်တမ်း ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး၌ အတည်ပြု ခန့်အပ်ခဲ့ကြခြင်း ဖြစ်သည်။
တာဝန်လစ်လပ်မှုများ ပြန်လည်ရွေးချယ်ရာတွင် အမြဲတမ်းဗဟိုကော်မတီဝင်များနှင့် ပါတီဗဟိုကော်မတီဝင် များက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြပြီး မော်သဲမာက မဲအများဆုံး ရရှိကာ အတွင်းရေးမှူး (၂) အဖြစ် အတည်ပြုခန့်အပ်ခံရခြင်း ဖြစ်သည်။
အလားတူ ခူးပလူးရယ်ကို အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ နဲနယ်ပလိုးကို အတွင်းရေးမှူး (၁) အဖြစ်လည်းကောင်း ရွေးချယ်ခဲ့ကြပြီး ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တွင် လစ်လပ်သွားသည့် KNPP ကိုယ်စားလှယ်နေရာအတွက် ပါတီဒုတိယ ဥက္ကဋ္ဌ ခူးထဲဘူးကို တာဝန်ပေးအပ်ခဲ့သည်။
အတွင်းရေးမှူး (၂) အဖြစ် မော်သဲမာ ရွေးချယ်ခံရမှုနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များသည် ပါတီ၏ အခြေခံမူ လမ်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ရှိမည်ဖြစ်ကြောင်း နဲနယ်ပလိုးက ပြောသည်။
“ပါတီအခြေခံမူ လမ်းစဉ်နဲ့ ဖွဲ့စည်းပုံ ဥပဒေမှာပါတဲ့ ပါတီအတွင်းရေးမှူး (၂) ရဲ့ တာဝန်ဝတ္တရားတွေနဲ့ အခွင့် အာဏာ ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ပိုင်ခွင့်တွေ ရှိမှာဖြစ်ပါတယ်” ဟု နဲနယ်ပလိုးက ပြောသည်။







