မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့် အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ရေနံမှော်ဒေသအစပ်ရှိ တဲကြီးရွာအတွင်း အထိုင်ချထားသည့် စစ်အုပ်စုတပ်သည် စစ်ကြောင်းများ ခွဲထွက်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ဝဲဝမ်း၊ ဝဲတူး၊ ကျောက်ခွက်၊ တဲကြီးနှင့် ဆုံကုန်း စသည့် ကျေးရွာများတွင် စက်တင်ဘာလ ၉ ရက်အထိ ယင်းသို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ တပ်စွယ်တွေ ထွက်ထွက်ပြီးတော့ ရေနံမှော်တွေထဲကို ပတ်မွှေနေတာပဲ။ အဲ့ဒီလက်ယက် တွင်းတိမ်ရေနံမှော်တွေပေါ့။ ရေနံကျင်းတွေ မိုင်းခွဲလိုက် မီးရှို့လိုက် ရေနံအလုပ်သမားနေတဲ တွေ နောက် အနီးအနားက စျေးဆိုင်များကို မီးရှို့လိုက်လုပ်နေတာပဲ။ သူတို့က ခဲယမ်းမီးကျောက် ကုန်သွားရင် Y-12 နဲ့ လာလာချပေးနေတာပဲ” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်က လေကြောင်းမှတစ်ဆင့် ရိက္ခာနှင့် ခဲယမ်းများ မကြာခဏ ဖြည့်တင်းပေးနေပြီး ယခုရက် ပိုင်းအတွင်း နှစ်ဘက် ထိတွေ့တိုက်ပွဲများ လျော့နည်းလာသည်။
မြေပြင် သတင်းရင်းမြစ်တစ်ဦးက “ ကိုယ့်ဘက်ကလည်း ပိုင်မှတွယ်တော့တာ။ အချိန်တွေကြာလာတော့ ခဲယမ်း မီးကျောက် မပြုန်းတီးဖို့နဲ့ ရဲဘော်တွေရဲ့ ပင်ပန်းမှုလည်း သက်သာဖို့ပေါ့။ ဒီလိုပဲ စစ်ရေးဖော်ဆောင် နေရ တယ်” ဟု ဆက်ပြောသည်။
ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ အင်အား ရာနှင့်ချီပါဝင်သည့် စစ်အုပ်စု စစ်ကြောင်းသည် ပြီးခဲ့သည့် မေလ အစောပိုင်းမှစ၍ မြိုင်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ရေနံမှော်ဒေသသို့ ထိုးစစ် ဆင်နေခြင်းဖြစ်သည်။
စစ်ကြောင်းထိုးစဉ် ကာလအတွင်း နေ့စဉ်နှင့်အမျှ စစ်ရေးအခြေအနေ တင်းမာခဲ့ပြီး စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါး ရှိခဲ့သည်။
အဆိုပါ မြိုင်နှင့် ပေါက်နယ်စပ်ရှိ ရေနံမှော်ဒေသသည် ၂၀၂၄ ခုနှစ်အတွင်းက တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေဖြစ်သည်။ စစ်အုပ်စုတပ်သည် ၎င်းတို့ အထိုင်ချထားသည့် တဲကြီးရွာကိုလည်း ဩဂုတ်လ ၂၈ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာရှိ အိမ်ခြေ၏ သုံးပုံနှစ်ပုံခန့် ပျက်စီးသွား ခဲ့သည်။
လက်ရှိတွင် ရေနံမှော်လုပ်ငန်းများ အပြည့်အဝ ရပ်တန့်ထားရပြီး ကျေးရွာ ၂၀ ထက်မနည်းမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။
မိုးတွင်းကာလ ဖြစ်သောကြောင့် စစ်ဘေးရှောင်များအတွက် အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိသည်။
စစ်အုပ်စုတပ် မီးရှို့မှုကြောင့် အရပ်သားနေအိမ် ရာနှင့်ချီ ပျက်စီးခဲ့သော်လည်း စစ်ကြောင်း လှုပ်ရှားနေဆဲဖြစ် သဖြင့် အသေးစိတ် စာရင်းများကို အတည်မပြုနိုင်သေးပေ။







