ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူမှာ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ အသက် ၈၁ နှစ်အရွယ် ဦးဦးကျော်ခိုင် ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အမှတ် (၂) ရပ်ကွက်မှ အသက် ၄၉ နှစ်အရွယ် ဦးချစ်စန်းမောင် (ခ) ချစ်ပု ဖြစ်သည်။
စက်တင်ဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီ ၄၁ မိနစ်တွင် တစ်ကြိမ်နှင့် ည ၉ နာရီ ၄၆ မိနစ်တွင် တစ်ကြိမ်၊ စစ်အုပ်စု တပ်၏ ဂျက်တိုက်လေယာဉ်က ကျိန္တလီမြို့ပေါ်သို့ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် အမှတ် (၁) ရပ်ကွက်မှ ဦးဦးကျော်ခိုင်မှာ ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဦးချစ်စန်းမောင်မှာ ဘယ်ဘက်တင်ပါးနှင့် ဘယ်ဘက်ခြေထောက်တို့တွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် အရေး ပေါ် ဆေးကုသမှု ပေးထားရသည်။
ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက “ကနဦးကြားရတာက လူထိခိုက်သေဆုံးမူရှိတယ်လို့သိရတယ်။ ကူညီရေး အဖွဲ့တွေလည်း သွားနေကြတယ်။ လူတွေအိပ်နေတဲ့ ညအချိန်ဆိုတော့ အထိအခိုက်ရှိနိုင်ပါတယ်” ဟု ပြော သည်။
လက်ရှိတွင် ဒေသအတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ထိခိုက်သေဆုံးမှု အသေးစိတ် အခြေအနေများကို ဆက်သွယ်မေးမြန်းရန် အခက်အခဲ ရှိနေသည်။
အဆိုပါ ဒေသခံ သတင်းရင်းမြစ်ကပင် “လိုင်းကပြတ်တော့ ချက်ချင်းမသိရဘူး။ ပြီးတော့ နေဗီကလည်း ပင် လယ်ထဲကနေ ပစ်ခတ်တာရှိတော့ မီးလင်းလင်းနဲ့ ကူညီမူတွေလုပ်ရဲမှာမဟုတ်ဘူး။အခြေအနေက အရပ်သား နေထိုင်တဲ့ နေရာတွေကိုပါ ပစ်ခတ်နေတော့ မီးမြင်လို့ မရဘူးဖြစ်နေတယ်” ဟု ဆက်ပြောသည်။
အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၆၇ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ဒေါ်လှသန်းရီ သေဆုံးခဲ့ရသည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလအစောပိုင်းမှစ၍ အာရက္ခပြည်ရှိ နယ်စပ်ဝင်ပေါက် အချို့ကို ထိုးစစ်ဆင်နေ သော်လည်း အာရက္ခတပ်တော် (AA) ထံ စစ်ဦးကျိုးလျက်ရှိသည်။
ထို့ကြောင့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာ ရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်များကို အထူးသတိထားကြရန် AA က တိုက်တွန်းထားသည်။
ထို့ပြင် စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သလို ထိုနေ့တွင်ပင် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ စာသင်ကျောင်းအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့ရကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







