ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု အခြေအနေ အဆိုးဝါးဆုံး ဖြစ်ပေါ်နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယခု လာမည့် သင်တန်းအပတ်စဉ် (၂၈) အတွက် လူပြည့်မီစေရန် စစ်အုပ်စုတပ်က တပ်သား စုဆောင်းမှုအဖြစ် ဩဂုတ်လ နောက်ဆုံးပတ်မှ စက်တင်ဘာလ ပထမပတ်အထိ သီတင်းနှစ်ပတ်တာ ကာလအတွင်း စုစုပေါင်း အမျိုးသား ၇၀ ကျော်အထိ ရှိခဲ့ပြီး မြေပြင်တွင် လက်ရှိ အရေအတွက်ထက် ပိုမိုများပြားနိုင်ကြောင်း ရန်ကုန် မြေပြင်ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network-RSN) က မဇ္ဈိမသို့ ပြောသည်။
RSN အဖွဲ့ တာဝန်ရှိသူက “စက်တင်ဘာ ပထမအပတ်ထဲ လူလိုက်ဆွဲခံရတာ ၃၅ ယောက်လောက်ထိရှိတာ သိခဲ့ ရပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ်တုန်းက ဆွဲခံရသူတွေနဲ့ပါ ပေါင်းရင် အယောက် ၇၀ ယောက် ရှိခဲ့ပါတယ် ဗျ။ ဒါက ကျနော်တို့ သိရသလောက်ပါ၊ မြေပြင်မှာ အဲ့ထက်ဆိုးပါတယ်ဗျ။ အရင်လတွေ ထက် ၅၀ ရာခိူင်နှုန်း လောက် ပိုများတယ်လို့ ယူဆပါတယ်ဗျ။ ရှေ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) တုန်းက လူအရနည်းခဲ့လို့ ဖိအားပေးခံရပြီး ခု (၂၈) အလှည့်မှာ အသည်းအသန်လိုက်ဆွဲသွားတာလို့လည်း ကြားပါတယ်။ တော်တော် လူလို နေပုံပဲ” ဟု ပြောသည်။
ပုံမှန်အားဖြင့် စစ်မှုထမ်းသင်တန်းသစ် မစတင်မီအချိန်တွင် ရန်ကုန်မြို့စွန် ဆင်ခြေဖုံးရပ်ကွက်များ၌သာ အရပ် အခေါ် ပေါ်တာဆွဲခြင်း (တပ်သားစုဆောင်းခြင်း) ကို ပြုလုပ်လေ့ရှိသော်လည်း လက်ရှိတွင်မူ တာမွေ၊ မင်္ဂလာ တောင်ညွန့်၊ ပုဇွန်တောင် စသည့် မြို့တွင်းဧရိယာများအထိ လူပြတ်သည့်နေရာများတွင် နေ့ခင်းဘက် ဖမ်းဆီး စုဆောင်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။
တပ်သားစုဆောင်းရာတွင် တောင်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်းမြို့နယ်များ၌ အများဆုံးဖြစ်ခဲ့ပြီး မြောက် ဒဂုံ၊ လှိုင်၊ တာမွေနှင့် ရွှေပြည်သာမြို့နယ်များတွင်လည်း များပြားကြောင်း RSN ၏ ပြောဆိုချက်အရ သိရသည်။
မဇ္ဈိမက စုံစမ်းထားရှိချက်များအရ သာကေတ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ ပုဇွန်တောင်နှင့် လသာမြို့နယ်များ တွင် လမ်းသွားလမ်းလာများကို တပ်သားစုဆောင်းရန် စစ်အုပ်စုတပ်က ဖမ်းဆီးနေသည်ကို မျက်မြင်တွေ့ရှိရ ကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်မြို့ခံတစ်ဦးက “အခုက အသက်မပြည့်သေးတဲ့ ကျောင်းသားအရွယ်တောင် ဖမ်းပြီးရင် ပြန်လွှတ် မလို လိုနဲ့ အရွယ်ကောင်းဆိုပြီး တခါတည်းခေါ်သွားတာ။ သိထားရသလောက် ပုစွန်တောင်၊ သာကေတ၊ မရမ်းကုန်း အကြမ်းဆုံးပဲ။ မရမ်းကုန်းဘက်မှာဆို ကလေးတယောက်ကို သိန်း ၁၆၀ နဲ့ သွားရွေးရင် ရတယ်ဆိုပြီး သွား ထုတ်တာ မရတော့ဘူး၊ သင်တန်းကျောင်းပို့လိုက်ပြီဆိုလို့ သူ့အမေ ရင်ထုမနာဖြစ်နေတာ” ဟု ပြောသည်။
များသောအားဖြင့် အသက် ၂၀ မှ ၃၅ နှစ်ကြား အမျိုးသားများ ဖမ်းဆီးခံရပြီး တစ်ခါတစ်ရံ ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်နှင့် အသက် ၄၀ အထက် အသက်ကြီးပိုင်းများလည်း ဖမ်းဆီးခံရမှုများရှိ ကြောင်း ဒေသခံများက ပြောဆိုသည်။
ဖမ်းဆီးခံရသူများကို ပြန်လည်ရွေးထုတ်ရန် ကာယကံရှင် မိသားစု၏ ငွေကြေးတတ်နိုင်မှုနှင့် ငွေတောင်းသည့် အပေါ် မူတည်၍ ပျမ်းမျှ အနည်းဆုံး ကျပ် ၄,၀၀၀,၀၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ကျော်အထိ တောင်းခံလေ့ ရှိသည်။
စစ်မှုထမ်းသင်တန်းသစ် စတင်ရန် နီးကပ်လာသည့်နေ့များတွင် ညမှောင်ချိန်၌ လူတစ်ဦးစ နှစ်ဦးစ သွားလာခြင်း မပြုကြရန်၊ လူပြတ်သည့်နေရာများတွင် အသွားအလာ ဆင်ခြင်ရန်၊ မိမိရပ်ကွက် သို့မဟုတ် ကျေးရွာ၌ စစ်မှု ထမ်းကိစ္စနှင့် ပတ်သက်သည့် သတင်းများကို နားစွင့်ထားရန်၊ ယာယီရှောင်တိမ်းရနိုင်သည့်နေရာကို အဆင်သင့် စဉ်းစားထားရန်နှင့် မိမိဘက်မှ အရေးပေါ် ဆက်သွယ်ရမည့် လူနှစ်ဦး၏ ဖုန်းနံပါတ်များကို အလွတ်ကျက်မှတ် ထားရန် RSN က အကြံပြုထားသည်။
ရန်ကုန်မြို့တွင်း၌ ယခုနောက်ပိုင်း တပ်သားစုဆောင်းရန် ဖမ်းဆီးမှုများ ပိုမိုများပြားလာခြင်းကြောင့် ဆယ်ကျော် သက်နှင့် အသက် ၂၀ ကျော်အရွယ် လူငယ်များရှိသည့် မိသားစုဝင်များမှာ နေ့စဉ် စိုးရိမ်ထိတ်လန့်နေကြရသည်။
ထို့ပြင် မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင်လည်း ယခင်ကဲ့သို့ စစ်မှုထမ်းကြေးပေး၍ မရတော့ဘဲ စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသားမှန်သမျှ စစ်မှုထမ်းရမည်ဖြစ်ကြောင်း စစ်အုပ်စု လက်အောက်ခံ ကျေးရွာ အုပ်ချုပ် ရေးမှူးများက ယခုရက်ပိုင်းအတွင်း အသိပေးထားကြောင်း သာစည်မြို့ သတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်အုပ်စုက အသက်သွင်းထားသည့် စစ်မှုမထမ်းမနေရ ဥပဒေမှာ အပတ်စဉ် (၂၈) သို့ ရောက်ရှိလာပြီ ဖြစ်သည်။







