ဝိုင်းမော်၌ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၅ ဦးအထိ ရှိလာ

ဝိုင်းမော်၌ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၅ ဦးအထိ ရှိလာ
မြေမြှုပ်မိုင်းပုံ / Crd
မြေမြှုပ်မိုင်းပုံ / Crd

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ ရှိလာ ကြောင်း ဝိုင်းမော်အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိခိုက်သူများမှာ သက်လတ်ပိုင်းအရွယ်များ ဖြစ်ကြသည်။

ဖြစ်စဉ်များအနက် ဩဂုတ်လအတွင်းက ဝူယန်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက် ပြတ်ကာ သေဆုံးခဲ့ရပြီး၊ ဇွန်လ ၁၉ ရက်က မဒိန်ကျေးရွာ၌ ဝါးမျှစ်ရှာထွက်စဉ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်ကလည်း ဝူယန်ကျေးရွာ၌ အမျိုးသားတစ်ဦး မိုင်းနင်းမိသဖြင့် ဘယ်ဘက် ခြေထောက် ပြတ်ထွက်သွားခဲ့သည်။ ကျန်ဖြစ်စဉ် နှစ်ခုမှာလည်း ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြေမြှုပ်မိုင်းအန္တရာယ်နှင့် လက်နက်ကြီး ပစ်ခတ်မှုများ စိုးရိမ်နေရသည့် ဒေသများမှာ ဝူယန်၊ မဒိန်၊ နောင်ဟီး၊ စန်းကားနှင့် ခတ်ချိုကျေးရွာတို့ ဖြစ်ကြသည်။

ဒေသတွင်း အခြေအနေနှင့် ပတ်သက်၍ လူမှုကူညီရေးအသင်းဝင်တစ်ဦးက “မသိကြတာပေါ့နော်။ မျှစ်တွေ ပေါ်တဲ့ အခါမှာကျတော့ အဲ့လိုတွေ ဖြစ်ကြတာ။ ခပ်ချို၊ နောင်ဟီး၊ စန်းကားတို့မှာကော ဖြစ်တယ်။ မြေမြှုပ် မိုင်းတွေ အများကြီးဘဲ။ လူတော်တော်များများ ထိကြကုန်ပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလကလည်း ဝိုင်းမော်မြို့၌ မြေမြှုပ်မိုင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး သေဆုံးကာ အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ဖူးသည်။

လက်ရှိတွင် ဝိုင်းမော်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် များအကြား စစ်ရေးတင်းမာလျက်ရှိပြီး ထိတွေ့တိုက်ပွဲများနှင့်အတူ နှစ်ဖက်တပ်များ၏ လက်နက်ကြီး ပစ်ခတ်မှု၊ မိုင်းထောင်မှုများကြောင့် အရပ်သား ထိခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။

တိုက်ပွဲများအတွင်း အရပ်သားများကို ရေတိုရေရှည် အန္တရာယ်ပေးသည့် တားမြစ်လက်နက်များ သုံးစွဲခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ဂျာဆိုင်းအိန်က က ပြောသည်။

ဒေါက်တာဂျာဆိုင်းအိန်သည် ဘာသာရေး (သို့မဟုတ်) ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့်ဆိုင်ရာ အကာအကွယ် ပေးရေး ကိစ္စရပ်များကို လုပ်နေဆောင်နေသည့် Myanmar FORB Network တည်ထောင်သူလည်းဖြစ်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်သည်။

ဒေါက်တာ ဂျာဆိုင်းအိန်က က “မြေမြှုပ်မိုင်းတွေသုံးတဲ့ ကိစ္စပေါ့။ အရပ်သားပြည်သူလူထုက အမြဲတမ်း နေ့စဉ် တကွ သူတို့ရဲ့ စိုက်ပျိုးရေးတွေ လုပ်နေတဲ့နေရာ၊ ပြည်သူလူထု အမြဲတမ်း ဖြတ်သန်းသွားလာနေတဲ့ လမ်းတွေ မှာ မြေမြှုပ်မိုင်းတွေ ထောင်တာမျိုးပေါ့။ အဲလို ကိစ္စမျိုးကတော့ စစ်သားရော အရပ်သားရောခွဲလို့မရဘဲ နင်း တဲ့လူတိုင်း အသက်အန္တရာယ် ဖြစ်နိုင်တယ်။ တားမြစ်ထားတဲ့ လက်နက်တွေကို အသုံးပြုတာမျိုးပေါ့” ဟု သုံးသပ်သည်။

မြေပြင်တွင် မိုင်းကြောင့် သာမန်လက်လုပ်လက်စား ပြည်သူများသာ အဓိက ထိခိုက်နေရသဖြင့် မိုင်းရှင်းလင်း ပေးရန် ပြည်သူများက တောင်းဆိုနေကြသော်လည်း စစ်ရေးတင်းမာနေသည့် ဝိုင်းမော်ဒေသ၌ ကချင်လွတ်လပ် ရေး အဖွဲ့ (KIO) အနေဖြင့် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ မတ်လအထိ မြန်မာနိုင်ငံတစ်ဝန်း၌ မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဖောက်ခွဲရေးပစ္စည်းများကြောင့် ကလေး ၇၄ ဦး အပါအဝင် အရပ်သား ၂၅၃ ဦး ထိခိုက်သေဆုံးခဲ့ရာ ၂၈ ဦး သေဆုံးပြီး ၂၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...