မဏိပူရ-မြန်မာနယ်စပ် ခြံစည်းရိုး ၅၅ ကီလိုမီတာပြီးစီး၊ ၂၀၂၈ တွင် အပြီးသတ်မည်

မဏိပူရ-မြန်မာနယ်စပ် ခြံစည်းရိုး ၅၅ ကီလိုမီတာပြီးစီး၊ ၂၀၂၈ တွင် အပြီးသတ်မည်
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅ ကီလိုမီတာခန့် ပြီးစီးနေပြီ ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားကြောင်း မဏိပူရပြည်နယ် ပြည်ထဲရေးဝန်ကြီး ဂိုဗင်ဒါ့စ် ကွန်သိုဂျမ်က စက်တင်ဘာလ ၂ ရက်တွင် ပြောဆိုလိုက်သည်။

လတ်တလော ထွက်ပေါ်နေသည့် အိန္ဒိယ–မြန်မာ နယ်မြေလဲလှယ်ရေး သတင်းများနှင့် ပတ်သက်၍ အတိုက်အခံ ပါတီ ကိုယ်စားလှယ်၏ မေးမြန်းမှုကို ပြည်နယ်လွှတ်တော်တွင် ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နယ်မြေလဲလှယ်ရေး အဆိုပြုချက်နှင့် ပတ်သက်၍ အိန္ဒိယဗဟိုအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ ပြည်နယ် အစိုးရထံ တစ်စုံတစ်ရာ အကြောင်းကြားစာ လက်ခံရရှိထားခြင်း မရှိသေးကြောင်းနှင့် နယ်မြေပိုင်နက်ဆိုင်ရာ ဆုံးဖြတ်ချက်များ မချမီ ထိခိုက်ခံရနိုင်သည့် ပြည်သူများကို ကြိုတင်အကြောင်းကြားရမည်ဟု ဝန်ကြီးက ဆို သည်။

အိန္ဒိယအစိုးရက မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းအတွင်း နယ်စပ် မိုင်တိုင် ၆၅ မှ ၆၈ အကြားရှိ ၁ ဒသမ ၄ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည့် မြေနေရာကို လဲလှယ်ရန် အဆိုပြုထား ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်သည် နယ်စပ်မှတ်တိုင် ၃၂ မှ ၁၃၀ အထိ စုစုပေါင်း ၃၉၈ ကီလို မီတာခန့် ထိစပ်နေပြီး ယင်းအနက် ၅၅ ကီလိုမီတာခန့်ကို ခြံစည်းရိုး ကာရံပြီးစီးထားခြင်းဖြစ်သည်။

နယ်စပ်မှတ်တိုင် ၇၅ မှ ၇၉ အကြားရှိ မိုးရေးမြို့နယ်ဒေသသည် အထူးအရေးပါသည့် နယ်မြေဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောဆိုထားသည်။

နယ်စပ်ခြံစည်းရိုး ကာရံရာတွင် ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး နယ်စပ်မျဉ်း အမှတ်အသား မပြုရသေးသည့် နေရာအချို့ကိုလည်း ဆက်လက် သတ်မှတ်နေဆဲ ဖြစ်သည်။

တမူးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကမူ “ခြံစည်းရိုးခတ်တဲ့ကိစ္စက တဖက်သတ် လုပ် လို့ရတာမျိုး မဟုတ်ပါဘူး၊ မသတ်မှတ်ရသေးတဲ့ နယ်မြေတွေရှိသလို ပိုင်နက်ကျူးကျော် လုပ်ဆောင်တာတွေ လည်း ရှိတော့ ဘယ်လိုပဲပြောပြောအခုအချိန်မှာ အတင်းအဓမ္မ နဲ့ မလုပ်သင့်ဘူး” ဟု ပြောသည်။

ပြည်သူရွေးကောက်တင်မြှောက်သည့် အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဒေသခံများ နားလည်လက်ခံမှုဖြင့်သာ နယ်စပ်ခြံစည်းရိုး ကာရံသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ ပြောကြားချက်အရ အိန္ဒိယဘက်မှ နယ်မြေ ခြောက်နေရာခန့် ကျူးကျော်မှု များ ရှိခဲ့ပြီး နယ်စပ်ခြံစည်းရိုး ကာရံရန် ဆောင်ရွက်သည့် နေရာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကန့်ကွက်ခဲ့ကြောင်း ထောက်ပြထားသည်။

ထိူနေရာများမှာ တမူးမြို့နယ်အထက်ပိုင်း မြို့သစ်မြို့အနီး နှစ်နေရာ၊ မိုးရေးနှင့် တမူးအကြား မိုင်တိုင် (၅၉–၆၀၊ ၇၅–၇၆ နှင့် ၈၂–၈၃) အကြားတို့ ဖြစ်သည်။

ထို့ပြင် နယ်စပ်မိုင်တိုင် (၅၉) အနီးရှိ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး (ပကဖ) စခန်းကို အိန္ဒိယစစ်တပ်က ကျူးကျော်ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့မှုမှာ ယခုတိုင် တရားမျှတမှု မရရှိသေးပေ။

အိန္ဒိယနိုင်ငံသည် မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ်မှုများ၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု၊ ဒုက္ခသည် များအရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို ထိန်းချုပ်ရန် နှစ်နိုင်ငံနယ်စပ် ၁,၆၄၃ ကီလိုမီတာကို ခြံစည်းရိုး ကာရံ နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ နယ်စပ်ခြံစည်းရိုး ကာရံမှုကြောင့် နှစ်နိုင်ငံနယ်စပ်ရှိ ဌာနေတိုင်းရင်းသားများအကြား ခွဲခြားမှု ဖြစ်လာ နိုင်ပြီး ရိုးရာဘိုးဘွားပိုင်မြေများနှင့် စိုက်ပျိုးရေးမြေများ ဆုံးရှုံးခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် စီးပွားရေး ထိခိုက် နိုင်သဖြင့် မီဇို၊ နာဂ၊ ကူကီးနှင့် ဇိုလူမျိုးများက အိန္ဒိယ၏ စီမံကိန်းကို ကန့်ကွက်နေကြသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...